မေ ၊ ၁၂ ၊ ၂၀၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန်းမားမြို့ရှိ ရန်အောင်ရပ်ကွက်ရဲစခန်းကို ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက် ၆ နာရီလောက်မှာ KIA ၊PDFပေါင်းတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲက ဒီကနေ့ နေ့လည် ၂ နာရီချိန်ထိ ဆက်လက်ပြင်းထန်နေကြောင်း သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နန်းမားတက်ကြွလှုပ်ရှား သူတစ်ဦးက Manau Voice ကို အခုလိုပြောပါတယ်။
” မနက် ၆ နာရီလောက်က ရဲစခန်းကို သွားတိုက်ခဲ့တာ။ အဲ့မှာပစ်ပြီးက တည်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်နေကြတယ် ” လို့ပြောပါတယ်။
KIA၊PDF ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်ကြတဲ့တိုက်ပွဲမှာ ရွာထဲကို လက်နက် ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုလဲ ရှိခဲ့တယ်လို့ တိုက်ပွဲတွင်းကြုံခဲ့ရတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
” ဝက်ခုံက ဦးစိန်ဝင်း နဲ့ ကျနော်တို့ အိမ်ဘေးက အဘွားတစ်ယောက် လက်နက်ကြီးထိပြီး ဆုံးသွားတယ်၊ အဘွားကို သွားလည်းထွက်မကြည့်နိုင်ဘူး ဘာမှလဲ မကူနိုင်ဘူး ။ ထိခိုက်တဲ့ သူတွေနဲ့ မိသားစုဝင်တွေကိုပဲ နာရေးကူညီတဲ့ ကားက ခေါ်ထုတ်သွားကြတယ်၊ သေဆုံးတဲ့သူကိုက အိမ်မှာထားခဲ့ကြတယ် ” လို့ပြောပါတယ်။
သေဆုံးမှု့နဲ့ထိခိုက်မှု့အတိအကျကိုတော့ Manau Voice က ဆက်လက်အတည်ပြုစုံစမ်းလျက် ရှိပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ရန်အောင်ရွက်ကွက်နဲ့ နန့်စာလော်ကျေးရွာမှ ပြည်သူတွေက ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ စစ်ဘေးရှောင်နေကြရပါတယ်။ ရွာထဲကျန်ရှိနေတဲ့ ဒေသခံတွေကိုတော့ သွားခေါ်ထုတ်ခွင့် မရှိသေးပါဘူး။
အခုချိန်မှာတော့ မိုးညှင်း-နန်းမားလမ်း ပိတ်ထားပြီး အဝင်အထွက်မရတော့တာ၊ ထွက်တာ ဝင်တာတွေ့ရင် ပစ်သတ်မယ် လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်ပြောဆိုကြောင်းလဲ သိရပါတယ်။
သတင်း – ယပလက်
စာမူတည်းဖြတ် – ဒီပါ
ဓါတ်ပုံ – အီသန် (ရွာခံများသွားရောက်စစ်ဘေးရှောင်နေရသောဘုရားကျောင်း)
#manauvoice
#peopleradiomyanmar
#နန်းမား
#နန့်စော်လော်
#တိုက်ပွဲဖြစ်ပွား
#လူသေဆုံး