မေလ ၁၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ မေလ ၉ ရက်နေ့ကစပြီး အရင်ကထက် အစစ်အဆေး ပိုမိုတင်းကြပ်လာတဲ့အပြင် CDM ပြုလုပ်သူတွေ၊ NLD ပါတီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ဆန့်ကျင်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ်ရင်းကို PDF စုပေါင်းတပ်ဖွဲ့က မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီး ၁ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးတယ်လို့ Southern Eagle PDF ကသတင်းထုတ်ပြန်ထားပါတယ်။
အခုလို တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက ကော့ကရိတ်မြို့ထဲမှာ အရင်ကထက် အစစ်အဆေးတင်းကြပ်နေပြီး စစ်ကောင်စီဆန့်ကျင်သူတွေကို အဓိကထားဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရသူ အယောက် ၂၀ ကျော်ရှိလာပြီးဖြစ်တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
“ပါသွားတဲ့သူတွေထဲမှာ တစ်ချို့က သား၊သမီးတွေ CDM လုပ်လို့၊ NLDပါတီအဖွဲ့ဝင်တစ်ယောက် ပါသေးတယ်၊ မဲရုံနဲ့ပတ်သက်တာတွေ၊ ပရဟိတလုပ်တဲ့လူတွေ၊ အားလုံးပေါင်း ၂၀ကျော် သူတို့အိမ် ကနေဘဲခေါ်သွားကြတာ၊ စားရင်းအတိအကျနဲ့ ဘယ်အိမ်ဘယ်သူ့အိမ်ဆိုတာ၊ ထူးဆန်းတာက ရပ်ကွက်ထဲက အစိမ်းဘက်ပါ သူတွေလည်းဖမ်းသွားတာပါတယ်၊ နောက်ထပ်ဖမ်းဖို့လည်း ရှိတယ်ကြားတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်မြို့ထဲက CDM ပြုလုပ်သူတွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးနေတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
“အမှတ် ၁ မှာက ၄ ယောက်၊ အမှတ် ၂ မှာက ၄ ယောက်၊ အမှတ် ၅ မှာက CDM မြေတိုင်းက တစ်ယောက်ပါတယ်၊ အမှတ် ၂ မှာကျတော့ သူ့သားက CDM သားမရှိတော့ အမေ့ကိုဖမ်းတယ်၊ ပရဟိတလုပ်တဲ့ ကိုထိုက်ကိုလည်း ဖမ်းသွားတယ်၊ မြို့ထဲကကျန်တဲ့ရပ်ကွက်ထဲမှာလည်း အဲ့လိုနိုင်ငံရေးနဲ့ပတ်သက်ဖူးတဲ့လူတွေရှိတယ်၊ မနေ့ညကတော့ ပြန်လွတ်မယ်ကြားတယ်၊ ဒီမနက်ထိ မရောက်လာကြသေးဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ကော့ကရိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့လူတွေကို ပြန်လည်လွှတ်မြောက်လာဖို့ ပြုလုပ်နေကြပြီး ဖမ်းဆီးခံရသူတွေနဲ့ စကားပြောခွင့်မရဘူးလို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်မြို့ထဲမှာ အစစ်အဆေးအဖမ်းအဆီးတွေရှိနေတဲ့အပြင် ကော့ကရိတ်မြို့အနီးရှိ တောင်ကြာအင်းကျေးရွာနဲ့ မြောက်ကြာအင်းကျေးရွာကိုဆက်သွယ်ထားတဲ့ ဟောင်သရောမြစ်ကူးတံတားကိုလည်းပိတ်ထားတာကြောင့် ကော့ကရိတ်မြို့နဲ့ အနီးနားကျေးရွာက ဒေသခံတွေမှာ ဘားအံ၊ ကျုံဒိုးနဲ့ မြဝတီဘက်ကို သွားလာလို့မရဘဲ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)