တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်ထားတဲ့သူတွေကို စစ်ကောင်စီက လိုင်စင်ထုတ်ပေးဖို့ စီစဉ်
မော်လမြိုင်၊ မေ၊ ၉
တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်မှုတွေ လျှော့နည်းပပျောက်ဖို့နဲ့ လက်နက်ခဲယမ်းတွေကို တလွဲအသုံးမပြုစေဖို့ အတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့အညီ စနစ်တကျ လိုင်စင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ညပိုင်းမှာ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိကာလမှာ ပြည်သူတွေဟာ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်နေကြတဲ့အတွက် လက်နက်ခဲယမ်းတွေကို နည်းလမ်းမျိုးစုံနဲ့ ရှာဖွေပြီး တရားမဝင်ကိုင်ဆောင်နေတာကို ကြားသိရတဲ့အတွက် တချိန်ချိန်မှာ တစ်လွဲအသုံးပြုမှုတွေဖြစ်ပေါ်လာနိုင်သလို ဥပဒေနဲ့လည်း ညီညွှတ်မှု မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့အညီ စနစ်တကျ လိုင်စင်ထုတ်ပေးရေးကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားတဲ့အခါမှာလည်း လျှောက်ထားတဲ့ သေနတ် မည်သို့မည်ပုံ ရရှိခဲ့တာကို စစ်ဆေးမေးမြန်းသွားမှာမဟုတ်ဘဲ လျှောက်ထားလိုတဲ့ လက်နက်ခဲယမ်းနဲ့တကွ အပ်နှံလျှောက်ထားရမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ဒါအပြင် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့အညီ စိစစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကိုသာ လိုင်စင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းကလည်း အရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသေးတယ်။
အဲမူထဲမှာဆိုရင် ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတာ၊ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတာ ဟူပြီး နှစ်မျိုးပါဝင်ပါတယ်။
ဒါအပြင် လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားတဲ့သူက နိုင်ငံအပေါ် သစ္စာရှိပြီး အကျင့်စာရိတ္တကောင်းမွန်သူ၊ သေနတ်ကိုင်ဆောင်ဖို့အမှန်တကယ်လိုအပ်သူ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်းရေး၊ အနှောက်အယှက်မပြုရ၊ အရေးယူမခံရဖူးသူ၊ စိတ်ပေါ့ရူးသွပ်သူ မဖြစ်ရဘူးလို့ ဆိုထားပါတယ်။
တစ်ဖက်မှာလည်း လက်နက်ကိုင်ခွင့်ရခဲ့မယ်ဆိုရင် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းနဲ့ ဒုစရိုက်နှိမ်နင်းရာမှာလည်း လိုအပ်ရင် ပါဝင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဓါတ်ပုံ – Crd