မြိတ်-မောတောင်သွားကားလမ်းမကြီးမှာ စစ်ကားမိုင်းဆွဲခံရချိန် ကပ်ရပ်ပါလာတဲ့ခရီးသည်တင်ယာဉ်တစ်စီးထိမှန်၊ တစ်ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရဟုဆို
မော်လမြိုင်၊ မေ၊ ၇
မြိတ်-မောတောင်သွားအဝေးပြေးကားလမ်းမကြီးမှာ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရချိန် နောက်ကပ်ရပ်ပါလာတဲ့ ခရီးသည်တင်ကားပါ ထိခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ယာဉ်တန်းဟာ မေလ ၇ ရက် ညနေပိုင်းက တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနဲ့ လသာကျေးရွာ အကြားမှာ အမည်မသိအဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ကားနောက်ကနေ လိုက်ပါလာတဲ့ ခရီးသည်တင်ကားတစ်စီးကိုလည်း ထိမှန်ခဲ့တာကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသားတစ်ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ကားက စစ်သားနဲ့အတူ ရှေ့ဆင့်နောက်ဆင့်ကပ်ပါလာတာလို့ ပြောတယ်၊ မိုင်းကွဲတာက သုံးလုံး၊ လေးလုံးလို့ ပြောြကတယ်၊ စစ်သားကိုလည်း ထိတယ်၊ ဘေးနားကနေ ကပ်ပါလာတဲ့ ခရီးသည်တင်ကားလည်း ထိတယ်၊ စစကြားချင်မှာ အများကြီး ထိခိုက်ကြတယ်လို့ ပြောတယ်၊ အခု အဲဒီဘက်က ကားသမားတွေ ပြောတာက အမျိုးသားတစ်ဦးသေတယ်၊ ၆ ဦးလောက်ဒဏ်ရာ ရသွားတယ်တဲ့။” လို့ ပြောပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတဲ့ သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာကို PRM အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ အဲဒီလမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ရောက်ရှိလာကြပြီး ရှာဖွေ စစ်ဆေးတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
တနင်္သာရီတိုင်းမှာဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ယာဉ်တန်းကို မိုင်းဆွဲတာ၊ ခြုံခိုတိုက်ခိုက်ရာမှာ အရပ်သားပြည်သူတွေ လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တွေကို မကြာခဏမှားယွင်းတိုက်ခိုက်မိလေ့ရှိပြီး အဲလိုအရပ်သားကားမှားယွင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အများစုမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – Crd