မေလ ၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးနေပေမဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာတွေမရှိဘဲ လွှတ်ပေးနေတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။
ဘားအံမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ အဖွဲ့စုံက လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးနေတာမှာ ယခုလ မေလ ၁ ရက်နေ့ကစပြီး ဘေးတွဲဆိုင်ကယ်တွေကိုပါ ဖမ်းဆီးလာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ တာဝန်ရှိသူတွေက လိုင်စင်မဲ့ယာဉ်စီးတာတွေကို တွေ့ရင် ဖမ်းဆီးတာတွေ ပြုလုပ်မယ်လို့ တရားဝင်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေပေမဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ကားတွေကိုတော့ ဖမ်းဆီးတာတွေမလုပ်ဘဲ လွှတ်ပေးနေတယ်လို့ ဘားအံမြို့ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဆိုင်ကယ်မောင်းလိုင်စင်ရှိပြီး ဆိုင်ကယ်လိုင်စင် မရှိရင်လည်းဖမ်းတယ်၊ ဆိုင်ကယ်လိုင်စင်ရှိပြီး ဆိုင်ကယ်မောင်းလိုင်စင် မရှိရင်လည်းဖမ်းတယ်၊ ဘေးတွဲတွေဆိုရင်လည်း ဆိုင်ကယ်မှာလိုင်စင်ရှိရင် ဘေးတွဲကို ဖြုတ်ပြီးသိမ်းတာတွေကို လုပ်တယ်၊ ဖောင်းကြွနံပါတ်ပြားမရှိရင်လည်း မြို့ထဲကို ပေးမဝင်ဘူး၊ သူတို့ဝန်ထမ်းတွေကျတော့ စီးနေကြတယ်၊ မဖမ်းဘူး၊ ညဘက်လည်း ၉ နာရီကျော်အပြင်ထွက်ရင် ဝန်ထမ်းတွေကိုဆို မဖမ်းဘူး” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဘားအံမြို့မှာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်တဲ့အချိန်ကစပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာလူကြီးတွေက ဝန်ထမ်းတွေရဲ့ လိုင်စင်မဲ့ကားတွေကို လိုင်စင်ပြုလုပ်ခိုင်းခဲ့တယ်လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“သူတို့က ဝန်ထမ်းတွေကို အကုန်လိုင်စင်လုပ်ပေးလိုက်တယ်၊ ဖမ်းမယ်လို့ သတင်းထွက်ကတည်းက၊ အဲ့ဒါကြောင့် ဝန်ထမ်းတွေအကုန်လိုင်စင်ရှိတယ်၊ အရင်က လိုင်စင်မရှိတဲ့ သူတွေတောင် အခုလိုင်စင်နဲ့ သူတို့လူကြီးတွေက သွားလုပ်ခိုင်းတာ၊ အရင်ကတော့ အဖွဲ့အစည်း လက်မှတ်တွေနဲ့မောင်းတာရှိတယ်၊ အခုတော့မရှိတော့ဘူး” လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက ဘားအံမြို့ အဝင်ထွက်နေရာတွေမှာ အစစ်အဆေးတွေကို တင်းကြပ်ထားပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီး ယာဉ်အမျိုးအစားအလိုက် လာဘ်ငွေယူကာ ပြန်လွှတ်ပေးနေတာကြောင့် စစ်ကောင်စီတပ် လက်အောက်ခံဝန်ထမ်းတွေ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)