မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ကြာအင်းကျေးရွာမှာရှိတဲ့တံတားကို စစ်ကောင်စီတပ်က မေလ ၇ ရက်နေ့ကစပြီး ၅ ရက်ကြာပိတ်ထားတာကြောင့် ဒေသခံတွေ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ တောင်ကြာအင်းနဲ့ မြောက်ကြာအင်းကျေးရွာကို ဆက်သွယ်ထားတဲ့တံတားကနေ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ အကြောင်းရင်းမရှိ ပိတ်ထားတာကြောင့် တံတားကိုအသုံးပြုပြီး သွားလာနေတဲ့ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“အရင်က တိုက်ပွဲတွေဖြစ်လို့ တံတားတစ်ခေါက်ပိတ်ဖူးတယ်၊ အခုကတော့ တိုက်ပွဲလည်းမဖြစ်ဘူး၊ ညတိုင်းတော့ လက်နက်ကြီးတွေနဲ့ပစ်နေတာပေါ့၊ အခုက အကြောင်းရင်းမရှိဘဲ ပိတ်ထားတာ၊ တံတားရဲ့ တစ်ဖက်ခြမ်းကလူတွေ မြို့ပေါ်ကိုတက်မရတော့ အခက်အခဲတွေဖြစ်တာပေါ့၊ ဒီလိုပိတ်ထားတော့ အသီးအနှံတွေလာမရတော့ ခြံရှင်တွေလည်း ဆုံးရှုံးမှုတွေရှိလာတယ်ရေရှည်ဆိုရင်” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်လက်အောက်ခံ ခလရ (၉၇) တပ်ကနေ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာရှိတဲ့ ခုဒုံကျေးရွာ၊ တောင်ကြာအင်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကောင်းမှုကျေးရွာနဲ့ ရွာတန်းရှည် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ညတိုင်းပစ်ခတ်နေပြီး ဒေသခံထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးက မထင်ရင်မထင်သလို ပစ်ထုတ်နေတာ၊ မြို့ထဲကိုတော့မဟုတ်ဘူး၊ လမ်းဟောင်းဘက်မှာရှိတဲ့ရွာတွေဘက်ကိုတစ်ညလုံးပစ်တယ်၊ နေ့လည်ဘက်လည်း ပစ်တဲ့အသံတွေ အသံကြားနေရတယ်၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကလည်း မောင်းမရွာကလူတစ်ယောက်ထိတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ကလည်း တောင်ကြာအင်းတံတားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ကတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တာကြောင့် တောင်ကြာအင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းသွာလာခွင့်ကို ပိတ်ထားခဲ့ပါသေးတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)