ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းနှစ်ခု တပြိုင်တည်းတိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေဟုဆို
မော်လမြိုင်၊ မေ၊ ၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံနယ်မြေရဲစခန်းနှစ်ခု တပြိုင်တည်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန်ထားပါတယ်။
မေ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီ ၄၆ မိနစ်မှာ ဘီးလင်းမြို့နယ် ဝင်းကရဲစခန်းကို ဘီးလင်း(ပကဖ)၊ ကျိုက်ထို(ပကဖ) PDF ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်သလို တချိန်တည်းမှာပဲ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနယ်မြေရဲစခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ တစ်ချိန်မှာပဲ ကျွန်တော်တို့ တိုက်ခိုက်တာက၊ ခွဲထားတယ်ပေါ့နော်၊ ဒီ ဝင်းက ရဲစခန်းကျတော့ ဝင်တိုက်တာပါ၊ မိနစ် ၂၀ ကျော် လောက်ပစ်ခတ်မှုဖြစ်သွားတယ်၊ ဒီမှာတော့ ၂ ဦးကျတယ်၊ ရဲတွေ၊ အဲဒီအချိန်ပဲ တောင်စွန်းရဲစခန်းကို ဒရုန်းတစ်ကြိမ် ၂ လုံးချတယ်၊ ၃ နာရီကျော်မှ ၂ လုံးထပ်ချတယ်၊ ထိခိုက်မှုတော့ မပြောတက်သေးဘူး။ ဒါကတော့ ပစ်ခတ်မှု မရှိဘူးပေါ့နော်။” လို့ ဘီးလင်းမြို့နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါအပြင် ဒီကနေ့ နံနက် ၁၁ နာရီခန့်မှာလည်း ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်းကျေးရွာသွားရာ ကားလမ်းမဘေးမှာ ရှိတဲ့ စစ်ကောင်စီရဲ့တပ်မ(၄၄)ဌာနချုပ်ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဗုံးနဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မ(၄၄)ဌာနချုပ် ရှော့တိုက်ဗုံးနဲ့ တိုက်ခိုက်ခံရမှုကြောင့် ရုံးအဆောက်အဦတွေကို သန့်ရှင်းရေးပြုလုပ်နေတဲ့ စစ်သားတစ်ဦးနဲ့ တပ်မိသားစုဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက် ည ၉ နာရီခန့်မှာလည်း ကျိုက်ထိုကနေ ဘီးလင်းဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီးမှာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Crd