ကျိုက်ထိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရ
မော်လမြိုင်၊ မေ၊ ၅
မွန်ပြည်နယ်၊ ကျိုက်မြို့နယ်၊ သိမ်ဇရပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက် ညနေပိုင်းအချိန်မှာ သိမ်ဇရပ်အခြေစိုက်ခြေမြန်တပ်ရင်း(၂၀၇)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ဝါးဒတ်ကွင်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၂ နှစ်ဦးနဲ့ လူကြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ သိရတာတော့ အဲရွာဘက်ကို PDF တွေ ရောက်နေတယ်ဆိုပြီး၊ ရမ်းပစ်လိုက်တာပဲ၊ ကိုရာဇထွန်းအိမ်ပေါ်ကို ကျတာ၊ တစ်လုံး လက်နက်ကြီးကလေ၊ သူအပါအဝင် သူ့မိသားစုတွေလေးဦးစလုံး ထိသွားတာ။ တိုက်ပွဲလည်း မဖြစ်နေဘူး။” လို့ ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ပိုင်ရှင် ကိုရာဇထွန်း၊ ဒေါအိ၊ အသက် ၁၁ နှစ်အရွယ် မဇင်မင်းသူနဲ့ အသက် ၃ နှစ် အရွယ် မောင်ရှိုင်းလင်းသူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးကို တင်ပို့ထားကာ ဆေးကုသမှု ခံယူနေရကာ အဲဒီထဲက သုံးဦးရဲ့ ဒဏ်ရာဟာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေဘက်က ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ထိန်းချုပ်ရာ ဒေသနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာရာကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ မကြာခဏရမ်းသမ်းပစ်ခတ် လေ့ရှိပြီး ပစ်ခတ်တဲ့ဖြစ်စဉ်အများစုမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာတွေ ရရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာလည်း ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါးလက်နက်ကြီးကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Crd