ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁)မှ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တပ်ဖွဲ့ဝင်တစ်ချို့ကို လမ်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးနဲ့ MSDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးကာ ရဲဘော် ၅ ဦးက အဆက်အသွယ်မရဖြစ်နေ
မော်လမြိုင်၊ မေ၊ ၅
မွန်ပြည် ကာကွယ်ရေးတပ် (MSDF) သည် မွန်ပြည်သူလူထုများ လိုလားချက်ဖြစ်သော စစ်အာဏာရှင် (အာဏာရှင်စနစ် အမျိုးမျိုး) ချေမှုန်း ပျက်သုဉ်းရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် လက်နက်ကိုင် လမ်းစဥ်ဖြင့် တွန်းလှန် တော်လှန်နေသော အဖွဲ့အစည်း တစ်ရပ် ဖြစ်ပါသည်။
ထိုအပြင် နွေဦး တော်လှန်ရေးတွင် အတူတကွ တိုက်ပွဲ ဝင်နိုင်ရန်အတွက် မွန် လက်နက်ကိုင် များကိုလည်း ပြန်လည် စုစည်းထားသော တပ် တစ်တပ်လည်း ဖြစ်ပါသည်။ အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျရှံးရေးအတွက် မိမိတို့နှင့် ဘုံရည်မှန်းချက် ပန်းတိုင်တူညီသော မိတ်ဖက် အဖွဲ့စည်းများနှင့် လက်တွဲပြီး စစ်အာဏာရှင်အား အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်ချက်များ ချမှတ်ပြီး လုပ်ဆောင်နေသော မွန် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တစ်ရပ် ဖြစ်ပါသည်။
မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ တနင်္သာရီဒေသတပ်၊ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သော အဖွဲ့သည် တော်လှန်ရေးတွင် အတူတကွ လုပ်ဆောင်ရန်အတွက် (၂၉-၄-၂၀၂၃) ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဗိုလ်ကြီး စောဘွဲ့မှူးနှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံခဲ့ပြီးအပြန် (၃၀-၄-၂၀၂၃) ရက် စနေနေ့ နံနက် (၆း၅၀) အချိန်တွင် (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ရဲဘော်များက တနင်္သာရီဒေသ၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ် (ခန့်မှန်း မိုင်တိုင် – ၂၃) တွင် ချောင်းမြောင်း ပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ တပ်ခွဲမှူးနှင့် တပ်သား (၁) ဦး ကျဆုံးခဲ့သည်။ တပ်ခွဲမှူးနှင့် တပ်သား (၁) ဦးတွင် ပါလာသော (357) စုံလည် (၁) လက်၊ M -16 (၁) လက်နှင့် လက်ပစ်ဗုံးများ ဆုံးရှုံးခဲ့သည်။
ထိုနေ့ နံနက်တွင် ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာ အနီးတွင် နိုင်တမော့ချမ်း တို့အား လက်နက် လာရောက် ပို့ဆောင်သော နိုင်မွန်သိမ်း တပ်ဖွဲ့မှ ရဲဘော် (၄) ဦး ယူဆောင်လာသော (M – 16) သေနက် (၂) လက်၊ (HK – 16) သေနက် (၂) လက် နှင့် Shot Gun ခေါက်ချိုး (၂) လက်ကိုလည်း (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) တပ်ဖွဲ့ဝင်များမှ လမ်းတွင် တားဆီးပြီး လက်နက် (၆) လက်ကို ထပ်မံ သိမ်းယူခဲ့သည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် လွတ်မြောက်သွားသော မွန်ပြည် ကာကွယ်ရေးတပ် (MSDF) တနင်္သာရီ ဒေသတပ်၊ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်းနှင့် ရဲဘော် (၉) ဦးသည် ပြည်ကြီးမဏ္ဍိုင် ရွာအနီး (ခန့်မှန်း မိုင်တိုင် – ၂၆) နေ့လည် (၁၂:၀၀) နာရီခန့်တွင် (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဒုတိယ အကြိမ် ထပ်မံ ချောင်းမြောင်း ပစ်ခတ် ခံရပြီးနောက် အရပ်သား ယာဥ်မောင်း (၁) ဦးနှင့် ရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး တပ်သား (၁) ဦးတွင် ပါလာသော (AK – 16) သေနက် (၁) လက် ဆုံးရှုံးခဲ့သည်။
တာဝန်ခံ နိုင်တမော့ချမ်းနှင့် ရဲဘော် (၃) ဦးသည် အသက်ဘေးမှ ထပ်မံ လွတ်မြောက်ခဲ့ပြီး (၃-၅-၂၀၂၃) ရက်နေ့တွင် မိခင်တပ်ရင်းသို့ ပြန်လည် ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့် အဆက်သွယ် ရယူကာ ဖြစ်ပွားခဲ့သော ဖြစ်စဥ်များကို သတင်း ပေးပို့ခဲ့သည်။ လက်ရှိ အချိန်ထိ တပ်ဖွဲ့ဝင် (၅) ဦးနှင့်အတူ လက်နက်များ ပျောက်ဆုံးနေပြီး ရဲဘော်များ အသက်ဘေးမှ လွတ်မြောက်ခြင်း ရှိ / မရှိ ကို အတည် မပြုနိုင်ခြင်း မရှိသေးပါ။
ယင်းဖြစ်စဥ်မှာ တော်လှန်ရေးတွင် အတူတကွ လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကူညီ ဖေးမမှု မရှိဘဲ လုပ်ကြံ သတ်ဖြတ်ပြီး လက်နက်များ လုယူခဲ့သည့် လုပ်ရပ်အပေါ် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) များစွာ နားမလည်နိုင် ဖြစ်ရပါသည်။ ၎င်း လုပ်ရပ်နှင် ပတ်သက်ပြီး သက်ဆိုင်ရာ ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA) မှ တာဝန်ရှိသူများက တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ တာဝန်ရှိသူများနှင့် ကျူးလွန်ခဲ့သော တပ်ဖွဲ့ဝင်များအား စုံစမ်း စိစစ်ပြီး အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် အသိပေး ထုတ်ပြန် အပ်ပါသည်။