ဧပြီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြီးခဲ့တဲ့ဒီဇင်ဘာလလောက်ကစပြီး မီးပုံမှန်မရရှိတာကြောင့် အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေထံမှ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမှာ ၃ ရက်မှတစ်ခါ လျှပ်စစ်မီးရရှိပြီး ထမင်းဟင်းချက်ပြုတ်တဲ့အခါမှာလည်း အခက်အခဲတွေဖြစ်ပေါ်လာတဲ့အပြင် မီးသွေးမှာလည်း ဈေးနှုန်းနှစ်ဆမြင့်တက်သွားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မီးကနှစ်ရက်၊ သုံးရက်တစ်ခါမှလာတယ်၊ လာရင်လဲ ညဘက်လူအိပ်ချိန်တွေပဲ ၂ နာရီလောက်ကြာတယ်၊ မီးလာတော့ ရေပြေးတင် ဖုန်းအားထသွင်း၊ မီးပူတိုက် မီးလာတာနဲ့မအိပ်ရတော့ဘူး၊ မီးလာတော့အလုပ် အကုန်ပြေးလုပ်ရတယ်၊ မီးကိုစောင့်ပြီးအလုပ်လုပ်ရတာ၊ မီးလာတဲ့အချိန်က သန်းခေါင်ဆိုတော့ ထမင်းဟင်းချက်မရဘူး၊ မီးသွေးနဲ့ပဲ၊ မီးသွေးကလဲ အရင်ကအိတ်ကြီးတစ်အိတ်ကို ၃၀၀၀ အခု ၇၀၀၀ ဖြစ်သွားတယ်” လို့ သူကပြောပါတယ်။
အခုလို မီးပုံမှန်မရရှိတာကြောင့် ဒေသခံတချို့မှာ မီးစက်ကိုအသုံးပြုနေကြရတဲ့အပြင် မီးစက်ကို လုပ်ငန်းအတွက်သုံးစွဲတဲ့အခါမှာလည်း လောင်စာဆီဈေးမြင့်တက်တာ၊ မီးအားမနိုင်တာတွေ အလုပ်တွေကို ရပ်နားထားလိုက်ရတယ်လို့ စတီးသံပန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
“မီးရဖို့ကို ဆိုလာဖြစ်ဖြစ် မီးစက်ဖြစ်ဖြစ် ကြံဖန်သုံးယူရတာလေ၊ သံပန်းလုပ်ငန်းတို့ဘာတို့ကျတော့ ပိုဆိုးတာပေါ့၊ မီးလာပြန်တော့လဲ ညသန်းခေါင်အချိန်ဆိုတော့ အလုပ်မလုပ်ရဘူး၊ မီးစက်ကျပြန်တော့လဲ ဒီအလုပ်အတွက် မီးကမနိုင်ဘူး၊ အိမ်သုံးဖို့လောက်ပဲရတာ၊ ပြီးတော့ မီးစက်ကလည်းအမြန်မသုံးဘူး တစ်နာရီလောက်ပဲဖွင့်တာ အရင်ကဆိုရင် ဆီက ရက် ၂၀ လောက် သုံးရတယ်၊ အခုက ၃ ရက် ၄ ရက်ပဲ၊ အကုန်ပါပဲ အခက်အခဲ ဖြစ်တာကတော့”လို့ သူကပြောပါတယ်။
လျှပ်စစ်မီးရရှိတဲ့ အချိန်မှာလည်း မီးအားနည်းပြီး အသုံးပြုလို့မရတာကြောင့် ဒေသခံနဲ့ အနီးအနားက ကျေးရွာတွေမှာ မီးစက်နဲ့ ဆိုလာတွေကိုသာအသုံးပြုနေရပြီး မီးတာခတိုးကောက်တာမျိုးတွေမရှိပေမဲ့ တစ်လကို မီတာထိန်းသိမ်းခ ၅၀၀ အပြင် ထမ်မံထိန်းသိမ်းခဆိုကာ ၁၀၀၀ ထပ်မံဆောင်နေရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ အနီးအနားကျေးရွာက ဒေသခံတွေကဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစပြီး ယနေ့အချိန်အထိ ကရင်ပြည်နယ်အတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေးတင်းမာတိုက်ခိုက်နေဆဲဖြစ်တာကြောင့် လျှပ်စစ်မီးလိုင်းတွေ လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွေ ထိခိုက်ပျက်စီးပြီး မြဝတီမြို့၊ ကျုံဒိုးမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးဘက်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s radio Myanmar)