မေလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဘေးတွဲဆိုင်ကယ်တွေကိုဖမ်းနေတာကြောင့် မြို့ထဲမှာ လူသွားလူလာနည်းပါးနေတယ်လို့ ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။
ဘားအံမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ပြီး လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့စုံက ဖမ်းဆီးနေတာဖြစ်ပါတယ်။ အခု မေလ ၁ ရက်နေ့ကစတင်ပြီးတော့ ဘေးတွဲ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးလာတာကြောင့် ဘားအံမြို့ထဲမှာ လူသွားလူလာနည်းပါးနေတယ်လို့ ဘားအံမြို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“အရင်ကတာ့ ၁ လမှာ ၂ ခါလောက်ဖမ်းတယ်၊ အခုက ၁ ပတ်ကို တစ်ခါလောက်ဖမ်းတယ်၊ ကား ၊ ဆိုင်ကယ်အစုံဖမ်းတာ၊ ဦးထုပ်တွေကော လိုင်စင်ကော ဘက်မှန်ကောအစုံပေါ့၊ ကားတွေကတော့ သိန်းနဲ့ချီပြီးပေးရတာပေါ့ ဖမ်းခံထိရင် ၊ ဆိုင်ကယ်ကတော့ အစားစားဘဲ၊ အခုက ဘေးတွဲဆိုင်ကယ် တွေကိုပါဖမ်းနေပြီး၊ အဲ့ဒီတော့ မြို့ထဲမှာ အလုပ်ကိစ္စမရှိရင်မသွားကြတော့ဘူး” လို့ ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ အခုလို ဘေးတွဲဆိုင်ကယ်တွေနဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းနေတာကြောင့် ဘားအံမြို့အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေကနေ ဈေးလာရောင်းတဲ့ဈေးသည်တွေမှာ သွားလာရေး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ရွှေတောကျေးရွာကနေ ဘားအံမြို့ကို ဟင်းသီးဟင်းရွက် လာရောင်းသူတစ်ဦးက ပြောပါတယ်။
“အရင်ကဆို အိမ်မှာရှိတဲ့ ဘေးတွဲဆိုင်ကယ်နဲ့ ခြံထဲမှာစိုက်တဲ့ အရွက်တွေကို တင်ပြီးသွားလို့ရတယ်လေ၊ မဟုတ်ရင်လဲ ရွာထဲက ကားငှားပြီး အရွက်တွေတင်သွားလို့ရတယ်၊ အခုကျတော့ ဘေးတွဲတွေလည်း ဖမ်းတယ်၊ without ကားတွေလည်းဖမ်းတော့ သွားရတာက ခက်ပြီလေ၊ မြတ်ရတနာမင်းလိုင်းကားမှီရင် လိုင်းကားနဲ့သွားရတယ်၊ ပစ္စည်းပါရင်တော့ ၅ ရာပိုပေးရတယ်” လို့ ရွှေတောရွာက ဈေးသည်တစ်ဦးက ပြောပါတယ်။
အခုလို လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတာကြောင့် ဈေးသည်တွေသွားလာရခက်ခဲနေပြီး ဘားအံမြို့ထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ကုန်စိမ်းဈေးတွေ ၂ ဆနီးပါးလောက် ဈေးနှုန်းမြင့်တက်နေတယ်လို့ ဘားအံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်ကဆိုရင် ကန်စွန်းရွက် ၃ စီးကို ၅ ရာဘဲ၊ အခုဆိုရင် ၈ ရာလောက်ဖြစ်သွားတယ်၊ ငရုတ်သီးဆိုရင်လည်း ၁ ဗူး ၅ ရာလောက်ဖြစ်သွားတယ်၊ တစ်ခြား ရွာတွေဘက်ကလာတဲ့ မုန်လာဥတို့၊ ဂေါ်ဖီထုတ်တို့ဆိုရင်လည်း ဈေးတွေ ၂ ဆလောက်တက်သွားတယ်၊ အရင်ကဆို ၅ ထောင်နဲ့ဈေးသွားရင် ဟင်းများများစားရသေးတယ်၊ ခုချိန် ၅ ထောင်ဆိုရင် ညနေစာတောင်မရတော့ဘူး” လို့ ဘားအံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဘားအံမြို့ ဇွဲကပင်ပလာဇာရှေ့၊ သံလွင်တံတားနေရာတွေအပါအဝင် ဘားအံမြို့ထဲက လမ်းစုံလမ်းဂွတွေမှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့စုံက လိုင်စဉ်မဲ့ယာဉ်တွေနဲ့ ဘေးတွဲဆိုင်ကယ်တွေကို ကြာသပတေးနေ့နဲ့ သောကြာနေ့တိုင်း ဖမ်းဆီးပြီး လာဘ်ငွေရယူကာ ဝင်ငွေကောင်းနေကြတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)