မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ စစ်ဒေသခွဲ အမှတ်၃ အတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားတဲ့ ဥဩဆေးအဖွဲ့ (ထားဝယ်-ပကဖ) မှ အရှေ့တောဒေသအတွင်းရှိ PDF ရဲဘော်တွေနဲ့ ရပ်ရွာဒေသခံ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ကိုဆောင်ရွက်ပေး နေတယ်လို့ ဥဩဆေးအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ဥဩဆေးခန်းကို ၂၀၂၂ ခုနစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးခန်းဖွင့်လှစ်တဲ့ အချိန်မှစတင်ကာ အရေးပေါ်ဆေးကုသမှုတွေအပြင် ခွဲစိတ်ကုသမှုတွေကိုပါ လုပ်ဆောင်ပေးနေပြီး စုစုပေါင်းလူနာဦးရေ ၃၂၁ ဦးကို ဆေးကုသပေးခဲ့ပါတယ်လို့ ဥဩဆေးအဖွဲ့ရဲ့တာဝန်ရှိသူက အခုလိုပြောပါတယ်။
“ကျနော်တို့လုပ်ငန်းစဉ်တွေအနေနဲ့တော့ စစ်ရှောင်တွေနဲ့ PDF တွေရဲ့ ကျန်းမာရေးကုသမှုမျိုး အဓိကလုပ်ဆောင်တာပေါ့ဗျ။ အရေးပေါ်ဆေးကုခန်းနဲ့ ခွဲစိတ်ခန်းကိုလည်း တည်ဆောက်ထားတယ်ဗျ။ လူနာ ၃၀၀ ကျော်ကို ဆေးကုသပေးခဲ့ပါတယ်”လို့ သူကပြောပါတယ်။
ဥဩဆေးအဖွဲ့ အနေနဲ့ ဆေးပုံမှန်ဝယ်ယူရန် စရိတ်မျိုးမရှိဘဲ တချို့ထောက်ပို့အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်းအလှူရှင်တွေဆီက အကူအညီတွေနဲ့ ရပ်တည်နေပြီး တစ်လဆေးဝါးဝယ်ယူစရိတ် သိန်း ၃၀ နဲ့ သိန်း ၅၀ ကြား ကုန်ကျစရိတ်ရှိနေပြီး ဥဩဆေးဖွဲ့အနေနဲ့ MOH/MOD ဆီကိုလည်း ဆေးဝါးလိုအပ် ချက်တွေတင်ထားပေမဲ့ တခါမှဆေးဝါးထောက်ပံ့မှုမရရှိခဲ့ဘူးလို့ ဥဩဆေးအဖွဲ့ရဲ့တာဝန်ရှိသူက အခုလိုပြောပါတယ်။
“လိုအပ်ချက်ကတော့ ဘတ်ဂျက်ပေါ့နော်။ ကျနော်တို့ရဲ့ အဝင်က အတည်တကျဝင်ငွေမဟုတ်ဘူးလေ။ MOD/MOH ကိုတော့ ဆေးဝါးလိုအပ်ချက်တွေတင်ထားပါတယ်။ ဒါပေမဲ့အခုချိန်ထိ တခုမှမရဖူးသေးဘူးဗျ။ ဆေးဝယ်တာက တစ်လတစ်လကို သိန်း ၃၀ နဲ့ ၅ ၀ကြားကုန်တယ်” လို့ သူဆက်ပြောပါတယ်။
အခုလက်ရှိ ဥဩဆေးခန်းတွင် ဆရာဝန် ၂ ဦး၊ သူနာပြု ၅ ဦး၊ ဆေးတပ်သား ၄၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး ဥဩဆေးဖွဲ့အနေနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရရှိလာတဲ့ ဒဏ်ရာကြီး၊ ဒဏ်ရာငယ်၊ အတွင်းဒဏ်ရာ၊ ခွဲစိတ်ဒဏ်ရာတွေကိုလည်း ကုသပေးတဲ့အပြင် ရပ်ရွာအတွင်း ရှေးဦးသူနာပြုစုနည်းနဲ့ စစ်ဘေးအန္တရာယ် အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဥဩဆေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါအဖွဲ့အနေနဲ့ အရေးပေါ်လူနာတွေကို အချိန်မှီကယ်တင်နိုင်ရန် အရေးပေါ်လူနာတင်ယာဉ် ကားတစ်စီးနဲ့ ဆေးဝါး၊ ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ မြေပြင်အခြေအနေ သတင်းအရင်းအမြစ် များအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – ဥဩဆေးအဖွဲ(ထားဝယ်-ပကဖ)
Phar Si Than (People’s Radio Myanmar)