မွန်အကျဉ်းထောင်နှစ်ခုကနေ နိုင်ငံရေးအကျဥ်းသား ၃၀ ဦး ပြန်လွတ်
မော်လမြိုင်၊ မေလ ၃
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဥ်းသား ၃၀ ဦးသာပြန်လည်လွတ်မြောက်ခဲ့တယ်လို့ အကျည်းထောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီဘက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာပါ။
အဲဒီအထဲမှာဆိုရင် မွန်ပြည်နယ်အတွင်း ပုဒ်မ ၅၀၅ နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေအနက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဥ်းသား ၅ ဦး၊ အကျဉ်းသူ ၂၁ ဦးနဲ့ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄ ဦးသာ ပြန်လည်လွတ်မြောက်လာတာပါ။
ဒါပေမယ့် စစ်ကောင်စီရဲ့ စာရင်းမှာတော့ မွန်ပြည်နယ်မှာ ပြန်လွတ်ပေးမယ့်စာရင်းအရ အကျဥ်းသား ၃၂ ဦး ရှိပေမယ့် တကယ်တမ်းလွတ်မြောက်လာတာက ၃၀ ဦးသာရှိပြီး ၂ ဦးက ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ အကျဉ်းသားတွေကို အကူအညီပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
“ အခုက စာရင်းမှာ ကျိုက်မရော ၂၆ ဦးနဲ့ သထုံက ၆ ဦးလို့ လွှတ်ဖို့ရှိတယ်ဆိုပြီး သိထားရတယ်၊ အခု သထုံကနေ ၄ ဦးပဲ လွတ်ပြီး ၂ ဦးကျန်နေတာပေါ့၊ ညနေက သိထားတဲ့စာရင်ပေါ့နော်။သူတို့နှစ်ဦးလည်း လွတ်ဖို့ ရှိအုန်းမယ်ထင်တယ်။ ” လို့ ပြောပါတယ်။
ဒီကနေ့မှာ ပြန်လွတ်လာတဲ့ သူတွေဟာ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုတဲ့ ခံဝန်နဲ့ပြန်လွတ်လာကြတာ ဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၃၈ ဦးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ ထောင်ဒဏ်တသက်အဖြစ် ပြောင်းလဲကျခံစေဖို့ကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့သူတွေကို အခါကြီးရက်ကြီးတွေမှာ လွတ်ငြိမ်းခွင့်ပေးခဲ့တာ ယခုအကြိမ်အပါအဝင် ၉ ကြိမ်ထက်မနည်းရှိပြီးလို့ သိရပါတယ်။
ဓါတ်ပုံ – BBC