မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်က ကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကနေ ဧပြီလကုန်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်နေတာကြောင့် မြဝတီမြို့ပြင်ဘက်ကျေး ရွာတစ်ချို့က ဒေသခံ ၆၀၀ လောက်ဟာ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်တွေထံမှသိရပါတယ်။
မြဝတီမြို့အပြင်ဘက်က ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF နဲ့ KNLA ပူး ပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မဲကနယ်ကျေးရွာနဲ့ ဖားချောင်းကျေးရွာက ဒေသခံတွေမှာ မြဝတီမြို့ပေါ်ဘုန်းကြီးကျောင်း ၂ ကျောင်းအပြင် ဖားချောင်းရှမ်းကျောင်း၊ မင်္ဂလာရွာဦးကျောင်နဲ့ မဲကနယ်ကျေးရွာက ဘုန်းကြီးကျောင်းတချို့မှာ တစ်လကျော် စစ်ရှောင် နေကြရပြီး နေရပ်မပြန်နိုင် သေးတဲ့စစ်ရှောင် ၆၀၀ ကျော် အတွက် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပြန်တဲ့သူတွေကလည်းပြန်ကုန်ပြီ၊ သုံးပုံ မှာ၁ပုံလောက်ကတော့ပြန်သွားကြပြီ အခုရွာထဲမှာတော့ အေးဆေးပြန်ဖြစ်ကုန်ပြီတဲ့ ၊အကုန်လုံးတော့မပြန်ကြသေးဘူး၊ ဟိုနားနည်းနည်းဒီနားနည်းနည်း၊ အိမ်ငှားပြီးနေတဲ့သူတွေလဲရှိကြတယ်၊ အရင်တုန်းကတော့ အလှူရှင်တွေလည်းလာကြတယ် အခုက မလာကြတော့ဘူး ရွာထဲမှာနဲ့ ဒီမှာ နေရာတွေကွဲကုန်တော့ မလာကြတော့ဘူး၊ အရင်ကဆိုရင် ဆန်တို့ဆီတို့ လာပို့သေးတယ် အခုတော့ လာမပို့ကြတော့ဘူး၊ မလာတာ ၁၅ ရက်လောက်ရှိပြီလေ၊ သင်္ကြန်ပြီးကတည်းကလေ၊ ဒီမှာက အလုပ်လုပ်တဲ့သူတွေရှိတယ်၊ သူတို့ကျတော့ စားနိုင်သောက်နိုင်တာပေါ့၊ အလုပ်မရှိတဲ့သူတွေကျတော့ ဘုန်းကြီးကျောင်းက ကျွေးတာကို မျှစားရတာလေ”လို့ သူကပြောပါတယ်။
မြဝတီမြို့တွင်းက ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ စစ်ရှောင် ၃၀၀ နဲ့ မြဝတီမြို့ပြင်ဘက်က ဘုန်းကြီးကျောင်း ၃ ကျောင်းမှာ လူဦးရေ ၃၀၀ ကျော်ရှိနေပြီး၊ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခက်တာ၊ လေယာဥ်နဲ့ဗုံးကြဲတာတွေအပြင် စစ်ကောင်စီတပ်က ကျေးရွာထဲကို မကြာခဏဝင်ရောက်နေတာကြောင့် မပြန်ရဲသေးဘူးလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ခုထိမအေးချမ်းသေးဘူး၊ အခြေအနေက မကောင်းသေးဘူး၊ အမတို့လည်း မပြန်ရဲသေးဘူး၊စစ်တပ်က အာ့ထဲမှာ ဝင်နေတယ်ပြောတယ်၊ ပစ်တာတွေဘာတွေလဲရှိနေသေးတယ်၊ အဲ့တာကြောင့် မပြန်ရဲသေးဘူး” လို့ သူကပြောပါတယ်။
မြဝတီမြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဦးသက်လွင်က မြဝတိမြို့အနီးမှာ တိုက်ပွဲတစ်လကျော် ဖြစ်ပွားနေတဲ့အခြေနေနဲ့ ပတ်သက်ပြီးတော့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုမသိရသေးပါဘူးလို့ သူကပြောပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)