မေလ (၃) ရက် ၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြားမှာ ဖြစ်ပေါ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထားဝယ်မြို့နယ် ၊ လောင်းလုံမြို့နယ် ၊ ပုလောမြို့နယ် နဲ့ တနင်္သာရီမြို့နယ် အတွင်းက ဒေသခံ (၃၀,၀၀၀) ဝန်းကျင် စစ်ဘေးတိမ်းရှောင် နေရတာဖြစ်တယ်လို့ ဒေါနတနင်္သာရီ−စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲထံမှ သိရပါတယ်။
စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ ၊ ဆေးဝါးအပြင် ကလေးငယ်တွေအတွက် ပညာသင်ကြားနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင်တဲ့အခါမှာလည်း လမ်းခရီးအခက်အခဲတွေ များစွာရှိနေပါတယ်။ ကျန်းမာရေးအတွက် ကျွမ်းကျင်ကျန်းမာရေး လုပ်သားတွေလည်း လိုအပ်နေတဲ့အပြင် စစ်ရှောင်ကလေးငယ်တွေမှာ ပညာသင်ကြားခွင့်မရတာ (၃) နှစ်ကျော်ရှိနေပြီဖြစ်တယ်လို့ ဒေါနတနင်္သာရီ − စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့တာဝန်ခံ က အခုလိုပြောပါတယ်။
“စစ်ရှောင်တွေကျန်းမာရေးအတွက် ကျွမ်းကျင် ကျန်းမာရေးလုပ်သားလိုအပ်ချက်က အဓိကအရေးကြီး တဲ့အချက်တခုပါ။ စားနပ်ရိက္ခာမှ မဟုတ်ပါဘူး ဆေးဝါးတွေနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ သယ်ယူတဲ့ အခါမှာလည်း လမ်းခရီး အခက်အခဲတွေများစွာရှိနေပါတယ်။ စစ်ရှောင်ကလေးတွေအတွက် ပညာမသင်ကြားရတာက Covid ကာလပါထည့်ပေါင်းရင် (၃) နှစ်ကျော်နေပြီခင်ဗျ။ ပညာရေးကလည်း အမြဲတမ်းရပ်ဆိုင်းထားလို့ရတဲ့ အရာမဟုတ်ဘူး” လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ အသက် ၁ နှစ်အောက် ကလေးငယ် ၄၀၀ ကျော် ၊ အသက် ၁ နှစ် နဲ့ ၅ နှစ်ကြား ကလေးငယ် ၈၀၀ ကျော်ရှိပေမယ့် မြေပြင်မှာ စစ်ဘေးရှောင်တဲ့ နေရာဒေသတွေ အများကြီး ပြန့်ကျဲနေတဲ့ အတွက် ကျား ၊ မ ၊ ကိုယ်ဝန်သည်မိခင် ၊ ကလေး ၊ မသန်စွမ်း အရေအတွက် အတိအကျ ရရှိနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေလည်းဖြစ်နေပါတယ်။
“ကျနော်တို့အနေနဲ့ ဒီအရေအတွက်တွေ အတိအကျသိရှိနိုင်ရန် အတော်လေးခက်ခဲနေပါတယ်ခင်ဗျ။ ဘာလိုလဲဆိုတော့ စစ်ရှောင်တွေက ကိုယ်အားသန်ရာနေရာတွေနဲ့ အဆင်ပြေရင်ပြေသလို စစ်ရှောင်နေရတဲ့အပြင် စစ်ရှောင်နေရတဲ့ နေရာဒေသတွေကလည်း အများကြီးပြန့်ကျဲနေတဲ့အတွက် မြေပြင်မှာ ဒီ့ထက်ပိုများနိုင်ပါတယ်” လို့ စခန်းတာဝန်ရှိသူက ဖားစည်သံကို ပြောပါတယ်။
လက်ရှိမှာ နှစ်ဖက်စစ်ရေးအခြေအနေက ငြိမ်သက်နေပေမယ့် တိုက်ပွဲတွေလုံးဝမရှိတော့တာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ ယခင်က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ ပုလောမြို့နယ်မှာ ဆိုရင် နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် အခုနောက်ပိုင်းမှာတော့ ပြန်လည်ငြိမ်သက်နေတာ ဖြစ်ပါတယ်။ ယခုလာမယ့် မိုးတွင်းကာလအတွက် စားနပ်ရိက္ခာ ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတာမှာ ကြိုတင်စုဆောင်းထားနိုင်ဖို့ ပြည်တွင်း ၊ ပြည်ပမှ အလှူရှင်တွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ်။
သတင်း − မေမီမင်းညို
ဓာတ်ပုံ − ဒေါနတနင်္သာရီ
Phar Si Than (People’s Radio Myanmar)