မေလ ၂ ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လျှပ်စစ်မီးကို အကန့်အသတ်နဲ့ပေးနေပြီး မီးပုံမှန်မရရှိတာကြောင့် ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။
ဘားအံမြို့ကို အုပ်စု ၃ ခုခွဲထားပြီး လျှပ်စစ်မီးကို ၂ နာရီမီးလာ ၄နာရီမီးပြတ်ပုံစံမျိုးနဲ့ ခွဲထားတာကြောင့် လျှပ်စစ်မီးရရှိချိန် နည်းပါးလာပြီး ဘားအံမြို့ဒေသခံတွေမှာ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘားအံမြို့ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဒီနေ့က သူတို့မီးပေးတာမှန်သလိုဘဲ၊ အရင်နေ့တွေက မီးက လာချင်သလိုလာ ပျက်ချင်သလိုပျက်နဲ့ ၊ အိမ်မှာက ချက်ပြုတ်ဖို့ ရေတင်ရတယ်၊ မီးပျက်တော့ gas နဲ့ဟင်းချက်ရတယ်အပိုကုန်တယ်၊ ရေကုန်နေရင် မီးမလာတော့ မတင်ရဘူး၊ အိမ်မှာက အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်ထားတော့ တစ်ချို့ပစ္စည်းတွေက စမ်းပေးရတယ်၊ မီးမလာတော့ မစမ်းရတော့ ဈေးရောင်းမကောင်းဘူးပေါ့” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဘားအံမြို့မှာ အခုလို အချိန်အကန့်အသတ်နဲ့ မီးပေးတာပြီး မီးရတဲ့အချိန်မှာ ထမင်းဟင်း ချက်တာနဲ့ ရေတင်တာတွေကို တစ်ချိန်ထဲလုပ်ရတာကြောင့် မီတာခတွေအရင်ကထက် ပိုမိုပေးဆောင် နေရတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။
“မီးက အချိန်နဲ့လာတော့ မီးလာတဲ့အချိန်မှာဘဲ ထမင်းချက်ရတယ်၊ ဟင်းချက်ရတယ်၊ ရေလည်းတင်ရတယ်၊ အဲ့ဒါတွေကို တစ်ချိန်ထဲမှာ လုပ်ရတော့ မီးကပိုပြီးတော့ ဆွဲရတယ်၊ အဲ့ဒီတော့ မီတာခက တစ်လကိုဆို ၅ သောင်းနီးပါးလောက်ဆောင်နေရတယ်၊ အခုက မီတာ တစ်ယူနစ်ကို ၃၅ ကျပ်ဖြစ်သွားပြီးလေ၊ မီးနဲ့မသုံးရင်လဲ ဂတ်(စ်) နဲ့သုံးရ၊ မီးသွေးနဲ့ သုံးရဆိုတော့ အရင်ကထက် ပိုပြီးကုန်ကျစရိတ်က ပိုများတယ်ပေါ့” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုချိန် ဘားအံမြို့ကို လျှပ်စစ်မီးအချိန်နဲ့ ပေးနေပေမဲ့ ဘားအံမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ ရုံးအနီးနားပတ်ဝန်းကျင်တွေမှာ လျှပ်စစ်မီးကို ၂၄ နာရီရနေတယ်လို ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲက နေရာတွေကတော့ မီးကိုအချိန်နဲ့ပေးနေတာဘဲ ၊ ပြည်နယ်ကွင်းနားမှာရှိတဲ့ရုံးတွေ၊ စုပေါင်းရုံးတွေက တစ်ချိန်လုံးမီးလာတယ်၊ VIP လိုင်းတွေနဲ့နေကြတယ် ရုံးနားကလူနတွေကျတော့ မီးတစ်ချက်မှ မပျက်ဘူး” လို့ ပြည်နယ်ကွင်းနားမှနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ဘားအံမြို့မှအပ ကျန် မြို့နယ် ၆ မြို့နယ်မှာ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ အခြေအနေနဲ့ ကြုံနရတာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလအထိ လျှပ်စစ်မီး လုံးဝပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ- CJ
People’s Radio Myanmar(Phar Si Than)