သထုံမှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ
မော်လမြိုင်၊ မေ၊ ၁
မွန်ပြည်နယ်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာမှာ မနေ့က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
သေနတ်ပစ်ခတ်ခံရသူဟာ ဇရစ်ချောင်ကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဦးစိုးလှိုင်ဖြစ်ပြီး သူ့နေအိမ်ရှေ့မှာ ထင်းခွဲနေချိန်မှာ အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ သူ့အိမ်ရှေ့မှာ ထင်းခွဲနေတာ၊ အဲဒါလူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာပဲ၊ ၃ ချက်၊ ၄ ချက်လောက် ပစ်သွားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်ပစ်ခံရမှုကြောင့် ဦးစိုးလှိုင်ရဲ့ လက်တွေမှာ ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ကာ သထုံခရိုင်ဆေးရုံကြီးကို တင်ပို့ထားပြီး ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
သထုံမြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေ၊ စစ်တပ်သတင်းပေးတွေ၊ စစ်အုပ်စုထောက်ခံသူတွေ မကြာခဏပစ်ခတ်ရှင်းလင်းခံရလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီကနေ့ နံနက်ပိုင်းမှာ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာမှာ ပြည်သူ့ခေါင်းဆောင် ကိုဖိုးချစ်ကို အမည်မသိလူစုက နေအိမ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့စစ်ခေါင်းဆောင်က ပြန်လည်ခုခံပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။