မေလ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ ၅ လနီးပါး ကြာမြင့်နေပြီးဖြစ်တာကြောင့် လျှပ်စစ်မီးကို အဓိကအသုံးပြုပြီး အလုပ်လုပ်နေရတဲ့လုပ်ငန်းရှင်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
မြဝတီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က KNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်စဉ်အတွင်း သင်္ဃန်းညီနောင်မှာရှိတဲ့ ပင်မထရန်စဖော်မာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒီနေ့ မေလ ၁ ရက် နေ့အထိ ၅ လ နီးပါး လျှပ်စစ်မီးပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
အခုလို လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် လျှပ်စစ်မီးကိုအသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေမှာ မီးစက်နဲ့ဆိုလာတွေကို အစားထိုးအသုံးပြုနေရပြီး ပုံမှန်ထက် ကုန်ကျစရိတ်ပိုများတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုင်ကယ်ဆေးမှုတ်တဲ့ လုပ်ငန်းပိုင်ရှင်တစ်ဦးက အခုလို ပြောပါတယ်။
“အခုက မီးမလာလို့ မီးစက်နဲ့လုပ်ရတယ်ဆိုတော့ ဆီဖိုးပိုကုန်တာပေါ့၊ အရင်ကလောက် အလုပ်လုပ်ရတာ မကိုက်တော့ဘူးပေါ့၊ အရင်မီးလာတုန်းကဆိုရင် ဆိုင်ကယ်တစ်စီးဆေးမှုတ်ရင် Auto ဘီးဆိုရင် ၈သောင်း အကုန်အပြီးအစီးပေါ့၊ အခုချိန် ၈သောင်းဆိုရင် မီးစက်ဓာတ်ဆီဖိုးနဲ့ အလုပ်သမားဖိုးနဲ့ ဆေးဖိုးနဲ့ဆိုတော့ ကိုတို့အတွက် စားဖို့လောက်ဘဲကျန်တာပေါ့၊ ဒီအချိန်က အလုပ်တွေကလည်း ပါးနေတယ်၊ မီးစက်ဓာတ်ဆီဖိုးကြီးဘဲ တစ်နေ့ကို ၁ သောင်းကျော်လောက်ကုန်တယ်ဆိုတော့” လို့ ဆိုင်ကယ်ဆေးမှုတ်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီးကာလရှည်ကြာ ပြတ်တောက်နေပေမဲ့ မြဝတီမြို့မှာ လတိုင်း မီတာထိန်းသိမ်းခတွေကို ပေးဆောင်နေရပြီး မပေးဆောင်ပါက ဒဏ်ကြေးငွေပေးနေရတယ်လို့ မြဝတီမြို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို ကာလရှည်ကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတာကြောင့် မြဝတီမြို့ထဲက စီးပွားရေး လုပ်ငန်းရှင်တွေ မီးစက်နဲ့ဆိုလာတွေကို အဓိက အသုံးပြုနေရပြီး လုပ်ငန်းတစ်ချို့ အခုချိန်မှာ ရပ်နားထားရပေမဲ့ မြဝတီမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကတော့ ထိုင်းနိုင်ငံက လျှပ်စစ်မီးနဲ့ အသုံးပြုနေကြတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
“ဆိုလာပြားတွေက အိမ်မှာ မီးထွန်းဖိုလောက်ဘဲဆိုရင်ကို သိန်း၂၀ လောက်ကုန်မယ်ဆိုတော့ အိမ်က မတက်နိုင်ဘူလေ၊ အခု တောရကျောင်းတို့၊ ဘုရားကြီးတို့ဘက်မှာ နေ့လည်ဘက်ဆို မီးစက်နှိုးပေးတယ်၊ အဲ့လိုဆိုရင် မီးစက်နှိုးရင် ပြေးပြီးတော့ လက်တော့(ပ်)တို့ ၊ မီးသီးတို့ ၊ ဖုန်းတို့ကိုအားသွင်းရတာပေါ့၊ အခုမီးမလာတော့ မြို့ထဲက တစ်ချို့ ကားပြင်တဲ့ဆိုင်တွေ၊ ဆိုင်ကယ်ပြင်ဆိုင်တွေ၊ အထည်ချုပ်စက်ရုံတွေ ပိတ်ထားရပြီး၊ ဆေးရုံတို့ တစ်ခြားအစိုးရရုံးတွေကတော့ ထိုင်းမီးနဲ့ လုပ်နေကြတယ်” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ မြဝတီမြို့အပါအဝင် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာပါ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နေရာတစ်ချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပျက်စီးသွားတဲ့ ထရန်စဖော်မာကို သွားရောက် ပြုပြင်နိုင်ခြင်းမရှိသေးဘူးလို့ မြဝတီမြိုဒေသခံတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)