မေလ ၁ ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ယခုနောက်ပိုင်းမှာ စစ်ဆေးတင်းကြပ်မှုတွေကို ပိုမိုလုပ်ဆောင်လာလျက်ရှိပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ပိုမိုလုပ်ဆောင်လာလျက်ရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစတင်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ သေနတ်ကိုင်ဆောင်ကာ စစ်ဆေးတင်းကြပ်မှုတွေကို ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေးအခက်အခဲများနှင့်ကြုံတွေ့နေရတယ်လို့ ဒေသခံများပြောစကားအရ သိရပါတယ်။
“ညဘက်တွေဆိုရင် လမ်းဆုံလမ်းခွတွေမှာစောင့်ကြတယ်။ အရင်ကဆိုဂိတ်တွေမှာလောက်ဘဲ စောင့်တာ။ အခုတပတ်ထဲတော်တော်စစ်ဆေးများလာတာ”လို့ သူကပြောပါတယ်။
ပုလောမြို့နယ်ရှိ ဈေးသည်တွေကို ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီမှာ စစ်ကောင်စီတပ်က ပုလောမြို့တော်ခန်းမသို့ အစည်းအဝေးခေါ်ယူပြီး ညမထွက်ရအချိန်အတွင်း အပြင်ထွက်ပါက ဖမ်းဆီးတာနဲ့ အခန့်မသင့်ရင် ပစ်ခတ်တွေကိုပါ လုပ်ဆောင်သွားမယ်ဖြစ်ကြောင်း စစ်ကောင်စီတပ်က ပြောခဲ့တယ်လို့ ဒေသခံတစ်ဦးကအခုလိုပြောပါတယ်။
“အစည်းအဝေးမှာ ညဘက်ထွက်နေတာကိုသူတို့သိတယ်လိုပြောတယ်။နောက်ထပ်ထွက်ရင် ဖမ်းတာနဲ့ ပစ်တာတွေကိုပါလုပ်မယ်လို့ပြောတယ်။ ညနေရောက်တော့ ကားနဲ့လိုက်ကြော်ငြာတာ။ အရင်ကတော့ ဈေးသည်တွေက နားလည်မှုနဲ့မနက်အစောကြီးထသွားကြတယ်”လို့ သူကပြောပါတယ်။
ယခုလက်ရှိပုလောမြို့နယ်မှာ စစ်ဆေးတင်းကြပ်တာတွေအပြင် ရိက္ခာနဲ့ ဆီသယ်ယူခွင့်တွေကိုပါ တင်းကြပ်နေပြီး ဆန်ဝယ်ယူတဲ့အချိန်မှာ ရပ်ကွက်လူကြီးရဲ့လက်မှတ်ပါမှ ဝယ်ယူခွင့်ရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေအရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)