စစ်ကောင်စီတပ်အတွက် ဗျူဟာကျတဲ့ ညောင်လေးပင်-မဒေါက်ကားလမ်းပိုင်းက ရေကြည်ချောင်းတံတားကို pdf တွေ မိုင်းခွဲ
မော်လမြိုင်၊ မေ၊ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက်ကားလမ်းမှာရှိတဲ့ ရေကြည်ချောင်းတံတားတစ်စင်းကို မနေ့ ညနက်ပိုင်းက မိုင်းခွဲခံရတာကြောင့် တံတားကျိုးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ တံတားကျိုးကျသွားတာ ညကတည်းကပါ၊ အကိုတို့တွေ့တာက လမ်းတွေမှာ ဘာလို့ သစ်ကိုင်းတွေ ပြန့်ကျဲနေတာလဲပေါ့၊ နောက်မှ အဲဘက်သွားတော့ တံတားက ကျိုးနေပြီး၊ သွားလို့ မရတော့ဘူးဆိုတာကို သက်ဆိုင်ရာက သစ်ကိုင်းတွေနဲ့ လမ်းပိတ်ထားတဲ့ သဘောဖြစ်မယ်။” လို့ ပြောပါတယ်။
အဆိုပါတံတားဟာ စစ်ကောင်စီတပ်ရဲ့ ရွှေကျင်ဗျူဟာစခန်းအတွက် လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ ညောင်လေးပင်မြို့နယ်(ပကဖ)က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
တံတားဖောက်ခွဲခံရမှုကြောင့် ကားဆိုင်ကယ်တွေ ဖြတ်သန်းသွားဖို့ အခက်အခဲဖြစ်ပေါ်နေပေမယ့် အဲဒီဘေးနားက လမ်းပိုင်းတစ်ခုကို အသုံးပြုပြီး ဆိုင်ကယ်တွေ သွားလာလို့ ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖောက်ခွဲခံရတဲ့တံတားဟာ မိုင်တိုင်(၇-၂/၇-၃)အကြားမှာရှိတဲ့ အရှည် (၁၂၅)ပေနဲ့ အကျယ်(၂၄)ပေ RC တံတားအမျိုးအစားဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဲဒီအနားတွေမှာ ကင်းပုန်းဝတ်ကာ တပ်စွဲထားတာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – crd