ရေးမှာ DKBA ပူးပေါင်းတပ်ဖွဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
မော်လမြိုင်၊ ဧပြီ၊ ၂၉
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ DKBA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်ကို အမည်မသိအဖွဲ့တစ်ခုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ရေးမြို့နဲ့ တစ်မိုင်အကွာမှာ ရှိတဲ့ DKBA ပူးပေါင်းစစ်ဆေးရေးဂိတ်ကို အမည်မသိလူတစ်စုမှ ဆိုင်ကယ်နှစ်စီးနဲ့ လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရမှုကြောင့် DKBA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးဒေသခံတစ်ဦးက ပြောပါတယ်။
“ ဖြစ်သွားတာက မနက် ၇ နာရီခွဲအကျော်လောက်မှာ ပစ်ခတ်သံတွေကြားလိုက်ရတယ်၊ ဘယ်သူက လာပစ်သွားလဲ အစကမသိဘူး၊ နောက်မှ မေးမြန်းကြည့်မှ စစ်တပ်ရဲ့ ပူးပေါင်းဂိတ် အပစ်ခံရတာတဲ့၊ သေတာက တစ်ယောက်လို့ပြောတယ်၊ နှစ်ယောက်က ဒဏ်ရာရတယ်။ အဲမှာက ပြည်သူ့စစ်တွေ၊ စစ်သားတွေ၊ BGF တွေ၊ DKBA တွေရှိကြတယ်။” လို့ ပြောပါတယ်။
သေနတ်ပစ်ခံရတဲ့ စစ်ဆေးရေးဂိတ်အနီးမှာဆိုရင် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း(၅၈၆)အနီးမှာ တည်ရှိပြီး အဆိုပါဂိတ်ကို ဖွင့်လှစ်ထားတာ မကြာသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ရောဘာခြံတွေဘက်ကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ သူတို့က ကားနဲ့ ရောက်လာတာ တွေ့လိုက်တယ်၊ အဲမှာ တချက်သူတို့ ခဏဝင်ပြီး၊ ခြံတွေဘက်ကို ဝင်သွားတယ်လို့ သိရတယ်။” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကိုတော့ ရေးဘီလူးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သင်္ကန်ဝတ်ထားတဲ့ လူလေးဦးက ဆိုင်ကယ်နှစ်စီးနဲ့ ရောက်ရှိလာပြီး လက်နက်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားတယ်လို့ ရေးသားဖော်ပြနေကြတယ်။
ရေးမြို့နယ်မှာဆိုရင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ရေးဘီလူးအဖွဲ့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – စစ်အုပ်စုထောက်ခံသူ