ဧပြီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေ အခက်တွေ့နေရတယ်လို့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေက ပြောပါတယ်။
ဘားအံမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က လက်ကမ်းစာဆောင်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်တွေက မြို့ထဲမှာ လိုက်လံဖြန့်ဝေတာပြီး မေလ ၁ ရက်နေ့မှာ စတင်လိုက်လံ ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် ဘေးတွဲဆိုင်ကယ်အငှားမောင်းသူတွေ၊ ကျေးရွာတွေဘက်မှာ ဘေးတွဲဆိုင်ကယ်အသုံးပြုသူတွေ အခက်တွေ့နေတယ်လို့ ဘေးတွဲဆိုင်ကယ်မောင်းနှင်နေသူတွေက ပြောပါတယ်။
အခုလို ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းမယ်ဆိုတဲ့သတင်းတွေကြောင့် ဘားအံမြို့ထဲကို ဘေးတွဲဆိုင်ကယ်နဲ့ မသွားရဲတော့ဘဲ နေ့စဉ်စားဝတ်နေရေးတွေထိခိုက်လာနိုင်တယ်လို့ ဘေးတွဲမောင်းနှင်သူတစ်ဦးက အခုလိုပြောပါတယ်။
“ပုံမှန်ဆိုင်ကယ်ဆွဲရရင် နေ့စဉ်စားဝတ်နေရင်းအခက်မကြုံရဘူးပေါ့၊ ပုံမှန်ဝင်ငွေရှိတာပေါ့၊ အခုက ဘေးတွဲဆိုင်ကယ်တွေကိုဖမ်းမယ်ဆိုတော့ ဘေးတွဲမောင်းတဲ့လူတွေ အခက်အခဲတွေဖြစ်တာပေါ့၊ ဒီဇာသပြင်ဘက်မှာက ဘေးတွဲမောင်းပြီး ပိုက်ဆံရှာတဲ့လူတွေ များတယ်၊ အခုက ဖမ်းမယ်ဆိုတော့ ပုံမှန်ဝင်ငွေမရှိတော့ဘူးပေါ့၊ အဲ့တော့အခက်အခဲတွေရှိလာတာပေါ့” လို့ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူ တစ်ဦးက ပြောပါတယ်။
အခုလို ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ဇာသပြင်ကနေ ဘားအံမြို့ကိုသွားပြီး ဘေးတွဲဆိုင်ကယ်နဲ့ ဈေးသွားရောင်းတဲ့ဈေးသည်တွေမှာလည်း အခက်ကြုံနေ ရတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
“အရင်ကဆို ဘေးတွဲပေါ်မှာ ဟင်းသီးဟင်းရွက်တွေအကုန်တင် ဆိုင်ကယ်အနောက်ကနေ လူလိုက်လို့ရတယ်၊ အဲ့ဒါဆိုရင် အသွားအပြန် ၅၀၀၀ ဘဲ၊ အခုက ဖမ်းမယ်ဆိုတော့ ဘေးတွဲနဲ့ ဈေးသွားရောင်းလို့မရတော့ဘူးလေ၊ အဲ့ဒီတော့ ကားငှားပြီးသွားရတော့မှာပေါ့၊ ကားငှားရင် အနည်းဆုံး ၈ ထောင် ၁ သောင်းလောက်ကုန်မှာဘဲ၊ အဲ့ဒီမှာတောင် ဈေးရောင်းမကောင်းရင် အရှုံးပေါ်ပြီးလေ၊ အဲ့လိုအခက်အခဲတွေကတော့ရှိတာပေါ့” လို့ ဇာသပြင်ကျေးရွာက ဈေးသည်တစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း ဘေးတွဲဆိုင်ကယ်အသုံးများတဲ့မြို့တွေမှာ ကော့ကရိတ်မြို့၊ ဘားအံမြို့၊ ကျုံဒိုးမြို့၊ ကြာအင်းဆိပ်ကြီးမြို့နဲ့ ဇာသပြင်မြို့တို့ဖြစ်ပြီး အခုလို ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းမယ်ဆိုပါက သွားလာရေးအခက်အခဲတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း ဘားအံမြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးနေပြီး ဖမ်းမိတဲ့ လိုင်စင်မဲ့ကားအမျိုးအစားအလိုက် ဒဏ်ငွေ ၃ သိန်းကနေ ၁၀ သိန်းအထိ ပိုက်ဆံတောင်းပြီး လာဘ်ငွေရယူကာ ပြန်လွတ်ပေးခဲ့တယ်လို့ ကားဖမ်းခံထိပြီး ပြန်လွတ်မြောက်လာတဲ့လူတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)