ဧပြီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ညမထွက်ရအမိန့် (မာရှယ်လော) ထုတ်ပြန်ပြီးနောက် လူငယ်အမျိုးသားတွေကို အဓိကထားပြီး ဖမ်းဆီးထောင်ချထာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်မှ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် (မာရှယ်လော) ထုတ်ပြန်ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်တွေ မြို့ထဲလှည့်ပတ်ကာ လူငယ်အမျိုးသားတွေကို အဓိကထား စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ လူဦးရေမှာလည်း ၂၀ ဝန်းကျင်ရှိလာပြီး ၁ ဦး သေဆုံးကာ ငွေကြေးနဲ့ပြန်ရွေး ရတာတွေလည်း ရှိတယ်လို့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ဖမ်းခံရတာ ၂၀ လောက်ရှိတယ်။ အလုပ်နောက်ကျမှ ပြန်လာတဲ့သူတွေပေါ့။ မိန်းကလေးမပါဘူး။ ယောင်္ကျားလေး လူငယ်တွေကြီးပဲ။ ပိုက်ဆံရှိတဲ့သူတွေကတော့ လာရွေးတယ် တစ်ယောက် ၁၀ သိန်းနဲ့ ၃ ယောက်လောက်ရှိတယ်။ မရှိတဲ့သူတွေကတော့ ဖမ်းခံထိထားတာပေါ့။ ဖမ်းပြီးရင် အချုပ်ထဲမှာ ၃ ရက်ထားတယ်။ ပြီးတော့ လေယာဥ်နဲ့ခေါ်သွားလိုက်တယ်။ ဘယ်ကိုခေါ်သွားလိုက်မှန်းမသိဘူး။ ၁ ယောက်ကတော့ အထဲမှာထုရိုက်ခံရပြီး သေသွားတာ”လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ထဲက ဖမ်းခံရသူတွေကို ဘားအံတောင်ကလေးထောင်ကိုပိုဆောင်ကာ ဖမ်းဆီးခံရသူတွေထဲမှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ထွေအုပ်စာရေးတစ်ဦးပါဝင်နေပြီး အဲ့ဒီသူကိုတော့ ကြာအင်းဆိပ်ကြီးရဲစခန်းက အချုပ်ခန်းမှာသာ ဖမ်းဆီးထားတယ်လို့ မြို့တွင်းနေထိုင်သူ အမျိုးသားတစ်ဦးကပြောပါတယ်။
“ညနေ ၆ နာရီ ထိုးရင်တော့ ရောက်တဲ့နေရာမှာ နားလိုက်ကြတယ်။ လွန်ခဲ့တဲ့ အပါတ်က ဖမ်းထားတဲ့ စကစ ထွေအုပ်စာရေးတစ်ယောက် ဆိပ်ကြီးရဲစခန်းအချုပ်မှာရှိနေသေးတယ်။ ဖမ်းခံရတဲ့သူတွေကို ဘားအံထောင်ကိုပို့လိုက်တယ်။ ဘားအံတောင်ကလေးထောင်မှာ စစ်အုပ်ချုပ်ရေး မာရှယ်လော ၁၄၄ စစ်ခုံရုံးနဲ့ တိုက်ရိုက်။ ထောင်ကျတာကတော့ ၁၈ လလို့ ကြားတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အပြင် ညဘက်တွေမှာ စစ်ကောင်စီတပ်က မီးအမှောင်ချပြီး ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဈေးရောင်းဈေးဝယ်သူတွေနဲ့ အလုပ်သွားလာတဲ့သူတွေမှာ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘားအံမြို့နဲ့ မြဝတီမြို့မှာ စစ်အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့် (မာရှယ်လော)ကို ည ၁၀ နာရီကနေ မနက် ၄ နာရီထိ ထုတ်ပြန်ထားတဲ့အပြင် ကော့ကရိတ်မြို့နဲ့ ကြာအင်းဆပ်ကြီးမြို့နယ် တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ညမထွက်ရအမိန့် ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ထုန်ပြန်ထားပြီး ညမထွက်ရအမိန့်ကို ကျော်လွန်ပြီး အပြင်ထွက်သူတွေကိုလည်း စစ်ဆေးဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)