မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုကောင်းဆက်ပိုင်ကို စစ်တပ်က သေဒဏ်ချမှတ်
မော်လမြိုင်၊ ဧပြီ၊ ၂၈
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မြေပြင်ရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင် ကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်လိုက်တယ်လို့ ဒီကနေ့မှာ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ကိုကောင်းဆက်ပိုင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ တတိယအပတ်ထဲမှာ ရန်ကုန်မြို့ရဲ့တစ်နေရာမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲနောက် ကိုကောင်းဆက်ပိုင်းကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းအမိန့်ချမှတ်ထားရာကနေ ဧပြီလ ၂၅ ရက်နေ့မှာ သေဒဏ် အမိန့်ထပ်တိုးချမှတ်လိုက်တာဖြစ်ပါတယ်။
ယခုလုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီက မတရားသဖြင့် တဖက်သတ်စီရင်ချက်ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။
ဒီလိုမျိုး ဗကသရဲဘော် ကိုကောင်းဆက်ပိုင်ကို ထောင်ဒဏ်တသက်တကျွန်းချမှတ်တာ၊ သေဒဏ်အမိန့်ချမှတာနဲ့ ဗကသရဲဘော် တွေကို မတရားပုဒ်မတွေတပ်ကာ ဖမ်းဆီးထောင်ချနေတာတွေအပါအဝင် ပြည်သူလူထုတွေကို တရားမဲ့သတ်ဖြတ်နေမှုတွေ၊ မတရား ဖမ်းဆီးထောင်ချနေမှုတွေ ပြည်သူလူထုတွေရဲ့ အိုးအိမ်စည်းစိမ်းတွေကို ဖျက်ဆီးသိမ်းပိုက်နေတာတွေကို ဗကသများအဖွဲ့ချုပ်အနေနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဗကသရဲဘော်များ အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့/ကျူးလွန်ဆဲ မတရားမှုများ၊ စစ်ရာဇဝတ်မှုများအား စစ်အုပ်စုအနေဖြင့် ၎င်းတို့ကျူးလွန်သမျှ ဖိနှိပ်မှုတိုင်းအတွက် မုချတာဝန်ခံရမည်ဖြစ်ပြီး အဆိုပါလုပ်ရပ်များအား ချက်ချင်းရပ်တန့်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဗကသများအဖွဲ့ချုပ်အနေနဲ့ တောင်ပေါ်/မြေပြန့် ဒေသအားလုံးမှာရှိတဲ့ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ လက်တွဲကာ စစ်အာဏာရှင် စနစ်(စစ်သုံးစစ်)အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – ဗကသများအဖွဲ့ချုပ်