ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ ရဲစခန်းအနီးတစ်ဝိုက် လမ်းဆုံလမ်းဂွတွေနဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေရှိတဲ့လမ်းမတွေကို ပိတ်ထားတာကြောင့် မြဝတီမြို့ထဲမှာ ကားလမ်းပိတ်ဆိုတာတွေရှိနေပြီး သွားလာရတာအခက်အခဲတွေရှိနေတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့အနီးတစ်ဝိုက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ BGF တပ်တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်က မြဝတီရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေရှိရာ ဦးအောင်ဇေယျ လမ်း၊ ဘုရင့်နောင်လမ်းမကြီးနဲ့ ဗိုလ်ချုပ်လမ်းတွေကို ပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေမှာ တစ်နေရာကနေ တစ်နေရာရောက်ဖို့ကို ကွေ့ပတ်သွားနေရကာ ကားလမ်းပိတ်ဆို့တာတွေလည်း ရှိနေတာကြောင့် ဒေသခံတွေ နေ့စဉ်သွားရေးလာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“မြို့ထဲက ရဲစခန်းနဲ့ အဲ့ဒီအနီးနားတစ်ဝိုက်မှာက လမ်းတွေကို ဝါးလုံးတွေနဲ့ထိုးပြီးပိတ်ထားတာ၊ အဲ့ဒီတော့ တစ်နေရာကနေ တစ်ခြားနေရာသွားဖို့ကို ကားပိတ်တာနဲ့တင် နာရီဝက် ၁ နာရီလောက်ကြာသွားတယ်၊ လမ်းပိတ်ထားတော့ ကွေ့ပတ်ပြီးသွားနေရတာ၊ အဓိက လမ်းမကြီးအပိုင်းကိုပိတ်ထားတော့ တစ်ခြားရပ်ကွက်ထဲက လမ်းတွေကနေသွားရတယ်၊ လမ်းရှင်းပေးမဲ့သူတွေလည်းမရှိဘူး ကားတွေကလည်း များတော့ လမ်းတွေပိတ်ကြပ်ကုန်ရော” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုချိန်မှာ မြဝတီရွှေမြင်းဝန်ဘုရားရှေ့၊ တောရကျောင်းလမ်း၊ ဘုရင့်နောင်ဈေးကြီးအနောက်ဘက်နဲ့ ဓိဌာန်အောင်ဘုရားလမ်းတွေမှာ နေ့လည်ပိုင်းအချိန်တွေ ကားလမ်းပိတ်တာတွေရှိနေတာကြောင့် မနက်အစောပိုင်းမှာ သွားစရာရှိတာတွေကို သွားထားရတယ်လို့ မြဝတီမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
“အခုကလမ်းတွေကပိတ်နေတော့ သွားစရာရှိတာတွေကို မနက်အစောကြီးထသွားရတယ်၊ မြို့ထဲမှာက ၉နာရီကျော်ရင် ကားတွေပိတ်ကုန်ပြီး၊ အိမ်မှာဆိုရင် ဈေးကိုဆို ၆ နာရီကျော်ကျော်လောက်သွားရပြီး၊ နောက်ကျမှသွားရင် နေကလည်းပူတယ်၊ ကားလမ်းတွေကလည်း ပိတ်တယ်ဆိုတော့ အဆင်မပြေဘူး၊ မနက်ပိုင်းမှာ လုပ်စရာရှိတာလုပ် သွားစရာရှိတာသွားထားရတယ်” လို့ မြဝတီမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က လမ်းပိတ်ထားတဲ့နေရာတွေမှာ မြဝတီပြည်သူ့ဆေးရုံကြီးလည်းပါနေတာကြောင့် ဆေးရုံကို လူနာသွားပို့တဲ့အခါမှာ ဆေးရုံအနောက်ဘက်ကနေပို့ရပြီး လမ်းပိတ်တာတွေကို ကြုံရတဲ့အခါမှာ လူနာတွေအတွက်စိုးရိမ်ရတယ်လို့ အရပ်ဘက်လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“အခု ဆေးရုံကိုသွားရင် အရှေ့ပေါက်ကသွားလို့မရဘူး၊ ရဲစခန်းလမ်းကိုပိတ်ထားတော့ ဆေးရုံကြီးအရှေ့ပေါက်ပါပိတ်သွားတယ်၊ ဝင်ရင်တော့လမ်းလျှောက်ဝင်မှရတယ်၊ ကားတွေနဲ့မဝင်ရဘူး၊ ကားနဲ့ဝင်ချင်ရင်တော့ ဆေးရုံအနောက်ဘက်ကိုပတ်သွားရတယ်၊ အဲ့လိုပတ်သွားတဲ့အခါ ကားပိတ်တဲ့ အချိန်တွေနဲ့တိုးရင်တော့ လူနာအတွက်စိုးရိမ်ရတယ်” လို့ အရပ်ဖက် လူမှုကူညီရေး လုပ်ကိုင်နေသူတစ်ဦး က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး မြဝတီမြို့တစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကစပြီး တိုက်ပွဲတွေက မြဝတီမြို့နားအထိ နီးကပ်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက မြဝတီမြို့ထဲမှာ အုပ်ချုပ်ရေး စိုးမိုးနိုင်ရေးအတွက် လမ်းတွေကိုပိတ်ထားတာကြောင့် မြဝတီမြို့ဒေသခံတွေ သွားလာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)