တနင်္သာရီမြို့နယ်မှာ တစ်ရက်တည်း စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရ
ထားဝယ်၊ ဧပြီ၊ ၂၇
တနင်္ဿာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ မနေ့က တစ်ရက်တည်း စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူရွာမှာ မနေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီနောက် ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို သိန်ခွန်းရွာနဲ့ ချောင်းနှစ်ပေါက်ရွာအနီးမှာ မဟာမိတ်တပ်ပေါင်းစု ဗိုလ်စူပါအဖွဲ့မှ ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ ဖြစ်တာက မနက်ပိုင်းမှာ သူတို့စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ၊ အဲဒါပြီးတော့ သူဆုတ်ကိုယ်ဆုတ်လာပြီး သူတို့က သိန်ခွန်းနဲ့ ချောင်းနှစ်ပေါက်အနားရောက်တော့ နောက်ထပ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ။” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အသေအဆုံးရှိပေမယ့် အတိအကျကို အတည်ပြုပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
ယခုစစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာဆိုရင် ထုံခါ-မောတောင်လမ်းပိုင်းဖြစ်ပြီး အဲဒီလမ်းပိုင်းကို အသုံးပြုခြင်းမပြုကြဖို့ကို တော်လှန်ရေးအင်အားစုတွေဘက်က အသိပေးချက်ထုတ်ပြန်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီမြို့နယ်ဟာဆိုရင် ပြီးခဲ့တဲ့ မတ်လလယ်ခန့်ကစတင်ကာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပါတယ်။
ဒီလိုနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ်အတွင်းက ကျေးရွာ ၆ ရွာခန့်က စစ်ဘေးရှောင်တစ်သောင်းနီးပါးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရပြီး သူတို့အတွက် စားနပ်ရိက္ခာဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အကူအညီပေးနေသူတွေထံမှ သိရပါတယ်။
ဓါတ်ပုံ – သဲဖြူရွာသို့ စစ်ကြောင်းထိုးလာစဥ်ကအကြမ်းဖက်စစ်ကောင်စီအဖွဲ့