ဧပြီလ ၂၇ ရက် ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ သောင်ရင်းမြစ်ဘေးရှိ လေးကေ့ကော်ဒေသစစ်ရှောင်စခန်း တစ်ခုဖြစ်တဲ့ ပလော့တပို စစ်ရှောင်စခန်းမှာ မဲကနယ် နဲ့ ကျောက်တောင် ဒေသမှ စစ်ဘေးတိမ်းရှောင်လာသူ ၁၀၀ ကျော်လောက် ထပ်တိုးလာတဲ့အတွက် ပလော့တပိုစစ်ရှောင်စခန်းက လူဦးရေ ၁,၀၀၀ ဝန်းကျင်မှာ စားသောက်စရာ အခက်အခဲ တွေနဲ့ ကြုံတွေ့နေရ တယ်လို့ စခန်းတာဝန်ရှိသူတွေထံမှသိရပါတယ်။
စစ်ရှောင်စခန်းအတွင်းမှာ စားနပ်ရိက္ခာဖြစ်တဲ့ ဆန် နဲ့ ကုန်ခြောက်ပစ္စည်းတွေ အဓိကလိုအပ်နေတယ်လို့ သိရပါတယ်။ ထပ်တိုးစစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ ကျောင်းဖွင့်ရာသီအတွက် စာသင်ကျောင်းဆောင် ပြန်လည်ဆောက်လုပ်ဖို့နဲ့ စာရေးကိရိယာတွေလည်း လိုအပ်နေတယ်လို့ ပလော့တပိုစစ်ရှောင်စခန်း တာဝန်ရှိသူ ထံမှသိရပါတယ်။
“လောလောဆယ်ဒီမှာအဓိကလိုအပ်နေတာက ဆန် ၊ နောက်ပီးတော့ ကုန်ခြောက်ပစ္စည်း တွေလိုတယ် ။ လေပြင်း တိုက်လိုစာသင်ကျောင်းဆောင် ပြန်ပြင်ဆောက်ဖိုလည်းရှိနေသလို ကလေးတွေအတွက် လည်း စာရေးကိရိယာ တွေလည်း လိုအပ်နေတယ်” လို့ ဆိုပါတယ်။
အခုလက်ရှိအချိန်မှာ စစ်ရှောင်စခန်းအတွင်း နေထိုင်သူ သက်ကြီးရွယ်အိုတွေမှာ နှလုံးရောဂါ နဲ့ ကျောက်ကပ်ရောဂါ နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေအပြင် ကိုယ်ဝန်ဆောင်တွေ အတွက် ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေလည်းလိုအပ်နေတယ်လို ပလော့တပိုစစ်ရှောင်ကူညီနေသူ စေတနာ့ဝန်ထမ်း တဦးကအခုလို ပြောပါတယ်။
“သက်ကြီးရွယ်အိုတွေထဲမှာ နာတာရှည်ရောဂါခံစားနေရတဲ့သူတွေလည်းရှိတယ် ။ ရာသီဥတုပူပြင်း တာကြောင့် ရာသီဖျားတဲ့သူတွေလည်း စခန်းမှာရှိတယ်။ နောက်ပီးတော့ ဟိုနေ့ကဆို မဲကနယ်ကနေ စစ်ရှောင်လာတဲ့ သူထဲမှာ ကိုယ်ဝန်ဆောင် ၃ ယောက်လောက်ပါလာတယ်။ ကူတဲ့သူတွေလည်း ရှိနေပေမယ့် လိုအပ်တာတွေက လည်း ရှိနေတုန်းပါပဲ” လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ က စစ်ကောင်စီတပ် ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေးကေ့ကော် ၊ ပဟိကလော် ၊ မဲ့ထော်သလေး ၊ ထီးမယ်ဝါးခီး ၊ တို့မှ စစ်ဘေးတိမ်းရှောင်လာရတဲ့ ဒေသခံလူဦးရေ (၃၀၀၀) ကျော်လောက်ဟာ ပလော့တပိုစစ်ရှောင်စခန်းမှာ ခိုလှုံနေခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလလောက်မှာ မိမိနေရပ်ရင်းကိုပြန်လည်နေထိုင်သူ (၂၀၀၀) နီးပါးအထိ ရှိနေပြီလို့လည်း စခန်းတာဝန်ရှိသူတွေထံမှ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးကေ့ကော်ဒေသမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် လေးကေ့ကော်မှ ဝေါ်လေ (ကနဲလေး) အထိ စစ်ဘေးရှောင်အစုအဖွဲ့ (၇) စု ရှိခဲ့ပြီး ယခင်တိုက်ပွဲ ပြင်းထန်စဥ်အတွင်း စစ်ဘေးရှောင်ဦးရေ တသောင်းကျော်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယခု ဝေါ်လေလမ်းပိုင်းမှာ တိုက်ပွဲတွေငြိမ်သက်နေပြီး ဒေသခံတွေအနေနဲ့ မိမိတိုနေရပ် ဒေသကိုပြန်လည် နေထိုင်သူတွေများနေကာ အချို့မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ နေရာတွေက ဒေသခံတွေဟာ စစ်ဘေးရှောင်အစုအဖွဲ့ (၇) စုထဲမှာ လူဦးရေ (၅၀၀၀) နီးပါးလောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – CJ