ဧပြီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သါရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ပုလောမြို့နယ်ကဒေသခံတွေက တော်လှန်ရေးတပ်တွေကိုရိက္ခာထောက်ပံ့နေတယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်ကရိက္ခာဖြတ်တောက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဧပြီလပိုင်းကစပြီးပုလောမြို့နယ်အပါအဝင် ပလမြို့၊ပလောက်မြို့နဲ့အနီးအနားကျေးရွာတွေဘက်မှာပါ စစ်ကောင်စီတပ်ကရိက္ခာတွေဖြတ်တောက်မှုတွေပိုမိုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေမှာ အခြေခံစားသောက်ကုန်ကိုအကန့်အသတ်နဲ့ ဝယ်ယူနေရတယ်လို့ မြို့တွင်းနေထိုင်သူအမျိုးသမီး တစ်ဦးကပြောပါတယ်။
“သူတို့ကpdfတွေထောက်ပံ့နေတယ်ဆိုပြီးအဲ့လိုလုပ်တာ။သူစလုပ်တာက ၂ လလောက်ရှိပြီး။အရင်ကဆိုရင်တော့ကြိုကြားတွေစစ်တယ်။အခုမှပိုဆိုးလာတာ။ ကြက်သွန်ဆို ၅၀သါးကြက်ဆိုတစ်ကောင်၊ဆီဆိုတစ်ဗူးအဲ့လိုရောင်းတယ်။ပိုရောင်းပေးတဲ့ဆိုင်ဆိုရင်ဖမ်းတော့ ဘယ်သူမှမရောင်းပေးရဲ၊ ခဏခဏအပြင်ထွက်ပြီးဈေးလဲသွားမဝယ်ရဲဘူး”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပုလောမြို့ပြင်အထွက်နားမှာရှိတဲ့ မကျည်းကုန်းစစ်ဆေးရေးဂိတ်၊နန်းတောင်စစ်ဆေးရေးဂိတ်၊အမှတ်၅စစ်ဆေးရေးဂိတ်နဲ့ပလစစ်ဆေးရေးဂိတ်တွေမှာဆန်တွေကိုလဲသယ်ဆောင်ခွင့်မပြုတော့သလို၊သယ်ဆောင်ခွင့်မရတဲ့ ပစ္စည်းဆိုပြီးတိတိကျကျသတ်မှတ်တာမျိုးမရှိဘူးလို့ဆိုပါတယ်။ဒါ့အပြင်ဆန်ဝယ်ယူတဲ့အခါမှာလဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှဝယ်ယူလို့ရတယ်လို့ ပုလောမြို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“စိတ်တိုင်းကျပဲလုပ်နေတာ ဆန်တော့လုံးဝမပေးသယ်ဘူး။ တခြားဟာတွေလဲသူတိုစိတ်ကြည်ရင် အကန့်သတ်နဲ့ပေးသယ်တယ်။တခါတလေ လုံးဝမပေးသယ်ဘူး။ပြီးအုပ်ချုပ်ရေးမှူးရုံးတွေမှာဆန် ဆိုင်ပိုင်ရှင်တွေကိုခေါ်ပြီးအစည်းအဝေးတက်ခိုင်းတယ်။တစ်အိမ်ကို၃ပြည်နှုန်းနဲ့ပဲ ဝယ်ရမယ်လို့ပြောတယ်။ဆန်ဝယ်ရင်အုပ်ချုပ်ရေးမှူးထောက်ခံစာနာမည်စားရင်းဝယ်ရတာ”လို့သူကပြောပါတယ်။
ပုလောမြို့နယ်ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ဖြစ်သလိုဖေဖော်ဝါရီလ တတိယအပတ်လောက်ကစပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးတွေကိုအကန့်အသတ်နဲ့ သယ်ယူနေရတဲ့အပြင် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အမြဲလိုလိုတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ