နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လမ်းမှာ ပစ်သတ်ခံရ
မော်လမြိုင်၊ ဧပြီ၊ ၂၇
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး မနေ့ညပိုင်းက လမ်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။
ပစ်ခတ်ခံရသူဟာ ရဲတပ်သား ခိုင်မင်းထွန်းဖြစ်ပြီး သူ့ကို ထန်းဇင်ကျေးရွာ၊ မြင်းခြံ-ရေဝန်းသွားရာကားလမ်းဘေးမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
သူ့ကိုတွေ့ရှိချိန်မှာတော့ နာထင်၊ နောက်ကြော၊ မေးရိုး၊ နားရွက်၊ ရင်ညွှန်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၉ ချက်နဲ့ သေဆုံးနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ သူက မြို့မရဲစခန်းကပါ။ လမ်းသွားရင်းနဲ့ ပစ်ခံရတာပဲ၊ သူ့အလောင်းကို တွေ့တဲ့အချိန်က ည ၇ နာရီလောက်ရှိနေပြီး၊ ဘယ်သူ့လက်ချက်လဲတော့ မသိဘူးပေါ့နော်။” လို့ ပြောပါတယ်။
အဲဒီနောက်မှာ အခင်းဖြစ်ရပ်နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး လမ်းသွားလမ်းလာ တချို့ကိုလည်း ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကိုတော့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Natogyi People Force က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – စစ်အုပ်စု