ဧပြီ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နဲ့ အနီးအနားကျေးရွာတွေဘက်မှာ အခုနှစ် ဒူးရင်းသီးပေါ်ချိန်ကစပြီး ဒူးရင်းသီးတွေ ဈေးကောင်းနေပေမဲ့ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒူးရင်းသီးအရောင်းအဝယ်တွေပါးနေတယ်လို့ ဒူးရင်းသီးရောင်းဝယ်နေသူတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့ကို တောင်ကြာအင်းကျေးရွာ၊ မြောက်ကြာအင်းကျေးရွာ၊ နောင်တလာကျေးရွာနဲ့ ကမော့ကသူကျေးရွာတွေဘက်ကနေ ဒူးရင်းသီးတွေကို အဓိကပိုကြတာဖြစ်ပြီး ရာသီပေါ်အချိန်ကစပြီး ဒူးရင်းသီးတွေဈေးကောင်းနေပေမဲ့ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒူးရင်းသီးအရောင်းအဝယ်တွေနည်းပါးနေတယ်လို့ ဒူးရင်းသီရောင်းသူတစ်ဦးက အခုလိုပြောပါတယ်။
“အခုက ဒူးရင်းသီး အသေးကို ၇၀၀၀ အကြီးက ၁ သောင်းခွဲကနေ ၃ သောင်းအထိရောင်းကြတယ်၊ အသီးက အဆံသေးတယ်၊ ချိုတာကတော့ချိုပါတယ်၊ အဲ့ဒီတော့ ဈေးကတော့ကောင်းနေတယ်၊ ဝယ်စားတာတွေကသိပ်မရှိကြဘူး၊ အခုက အာရှလမ်းမှာ ပစ်နေလို မပစ်ရင် ပုလဲဖြူ ပရဟိတနားမှာ ဒူးရင်းသီးတွေကို တန်းစီပြီးရောင်းကြတယ်၊ အခုကဈေးထဲမှာလောက်ဘဲရောင်းကြတယ်၊ အရောင်းအဝယ်လုပ်ရတာသိပ်မကောင်းဘူး” လို့ ဒူးရင်းသီးရောင်းတယ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ဟာ ဒူးရင်းသီးထွက်တဲ့ရာသီပေါ်ကာစ ကာလဖြစ်တာကြောင့် ဈေးကောင်းရနေပေမဲ့ ဝယ်စားသူနည်းပါးနေတဲ့အပြင် စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် မေလ လလည်လောက်မှ ဒူးရင်းသီးတွေဈေးလျှော့ပြီး ဝယ်စားသူများလာ နိုင်တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ဒူးရင်းသီးစပေါ်ကာစအချိန်လည်းဖြစ်တယ်၊ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်နေတော့ တောထဲမှာသွားမခူးရဲကြဘူးလေ၊ အဲ့ဒါတွေကြောင့် ဈေးကကြီးနေ တာပေါ့၊ အသေးတောင်မှ အရင်က ၃၅၀၀ ကို အခု ၇ ထောင် ၈ ထောင်ဆိုတော့ မဝယ်စားနိုင်ဘူးလေ၊ ချိုတော့ချိုတယ်၊ မိချောင်းသီးလောက်စားမကောင်းဘူး၊ အခုချိန်ကဈေးကြီးသေးတယ်၊ မေလလည်လောက်မှ အသီးထွက်အားကောင်းချိန် ဈေးတွေလျှော့ပြီးရောင်းလာမှ လူတွေက စားနိုင်ကြမှာ” လို့ ကော့ကရိတ်မြို့တွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒူးရင်းသီးထွက်တဲ့ ကျေးရွာတွေဘက်ကနေ ကော့ကရိတ်မြို့ဘက်ကို အသီးလာပိုတဲ့ လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ဂိတ် ၁၀ ခုကျော်ရှိနေပြီး ဒူးရင်းသီးဆိုင်တွေကိုပိုတဲ့ ဆိုင်ကယ်တစ်စီးကို BGF ဂိတ်ဖြတ်ခ ၅ ရာကနေ ၂ ထောင်အထိပေးရတယ်လို့ ဒူးရင်းသီးဖောက်သည်ကောက် အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကော့ကရိတ်မြိုမှာ ဒူးရင်းသီးအပြင် ရာသီပေါ်အသီးအနှံဖြစ်တဲ့ မင်းကွတ်သီးဈေးနှုန်းကလည်း အရင်ကအလုံး ၂၀ပါ တစ်တွဲကို ၂၅၀၀ကနေ လက်ရှိအချိန် ၇၀၀၀ကျပ်အထိ ၃ဆလောက်မြင့်တက်သွားတယ်လို ကော့ကရိတ်မြို ဒေသခံတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ