ဧပြီလ ၂၆ ရက် ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ လျှပ်စစ်မီး (၅) လ နီးပါး ပြတ်တောက်နေတဲ့အတွက် မြဝတီမြို့ထဲမှာ ဆိုလာစျေးနှုန်းတွေ ၄ ဆလောက် မြင့်တက်နေကာ အခြေခံလူတန်းစားတွေအနေနဲ့ ဆိုလာမီး သုံးစွဲနိုင်ရန် လက်လှမ်းမမှီသလောက်ဖြစ်နေတယ်လို့ မြဝတီမြို့ ဒေသခံတွေ ထံမှသိရပါတယ်။
မီးသုံးစွဲနိုင်ရန် ဆိုလာပြားတပ်ဆင်တဲ့အခါမှာ အနည်းဆုံး ငွေကျပ် သိန်း ၂၀ ကနေ သိန်း ၃၀၀ အထိ ကုန်ကျတယ်လို့သိရပါတယ်။ ငွေကျပ်သိန်း ၂၀ တန် ဆိုလာပြားတပ်ဆင်ပါက နေအိမ်အတွင်း မီးထွန်းတာတွေ ၊ TV ကြည့်တာတွေနဲ့ ဖုန်းအားသွင်းတာလောက်ပဲ သုံးစွဲလို့ရပြီး ထမင်းဟင်းချက်မယ်ဆိုပါက ငွေကျပ် ၄၅ သိန်းခန့် ကုန်ကျတယ်လို့ ဆိုလာပြားတပ်ဆင်သူတွေထံမှ သိရပါတယ်။
“ကိုယ်သုံးချင်တဲ့ အနေအထားပေါ်မူတည်ပြီး စျေးက ကွာသွားတာပါ ။ မီးထွန်းတာလောက်ပဲဆို အနည်းဆုံး တပ်ဆင်ခ အပြီး သိန်း ၂၀ ကုန်မယ် ။ အဲကွန်းပါသုံးချင်တယ်ဆိုရင်တော့ သိန်း ၁၀၀ နဲ့အထက်ရှိတယ် ။ အဲကွန်း ၂ လုံးလောက်သုံးချင်တယ်ဆိုရင်တော့ သိန်း ၃၀၀ လောက်ကုန်မယ်” လို့ ဆိုပါတယ်။
အခုလို လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဆိုလာမီး နဲ့ မီးစက်မသုံးနိုင်တဲ့ လူတွေမှာ မြဝတီမြို့ရှိ လျှပ်စစ် ရုံးကြီးရှေ့ ၊ ရွှေမင်းဝံဘုရား ၊ ကြံခင်း နဲ့ ကြခတ်တော က လျှပ်စစ်မီးပေးနေတဲ့ စုရပ်နေရာတွေမှာ ဖုန်းအားသွင်းတာ၊ ပါဝါဘန့်အားသွင်းတာတွေအပြင် လျှပ်စစ်ပစ္စည်းမျိုးစုံအားသွင်းတာ တွေကိုပြုလုပ်နေရတယ်လို့ မြဝတီမြို့တွင်း နေထိုင်သူတဦးထံမှ သိရပါတယ်။
“လျှပ်စစ်မီးပျက်တာကို အခွင့်ကောင်းယူပြီး ဆိုလာ နဲ့ မီးစက် စျေးတွေက တက်နေတာ ။ သူတို့ရောင်းတဲ့ စျေးအတိုင်း မတတ်နိုင်တဲ့သူတွေက အားသွင်းလို့ရတဲ့ စုရပ်နေရာ (၄) ခုမှာ အားသွားသွင်းပေါ့ ။ အဲ့တော့ အိမ်မှာရှိတဲ့လူပိုတွေက ပါဝါဘန့်တို့ LED မီးအိမ်တို့ ဖုန်းတို့ အဲ့တာတွေကို တယောက်လောက် အားသွားသွင်း ပြီးမှ အိမ်ပြန်လာသုံးရတယ်။ ပိုက်ဆံရှိတဲ့လူတွေလို ဆိုလာလည်းမတတ်နိုင် သလို မီးစက်လည်းမတတ်နိုင်ဘူးလို့” ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ကြား နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဃန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရပြီး ပြင်ဆင်ရန်အတွက် ပစ္စည်းမရရှိတာကြောင့် မြဝတီမြို့အပါအဝင် ကော့ကရိတ်မြို့ ၊ ကျုံဒိုးမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ဒေသခံကျေးရွာ ၃၀ ခန့်မှာ ဧပြီလ ၂၆ ရက်နေ့ ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာ ၅ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – ပုံဟောင်း