ဧပြီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံ – သထုံအမြန်လမ်းမမှာရှိတဲ့ သံလွင်တံတားမှာ ဧပြီလ လဆန်းပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်ပေါ်မှာပါလာတဲ့ လူငယ်တွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။
သံလွင်တံတားကိုဖြတ်သန်းသွားလာနေတဲ့ အိမ်စီးကား၊ Express ကားနဲ့ မော်တော်ဆိုင်ကယ်တွေမှာပါလာတဲ့လူငယ်တွေရဲ့ဖုန်းတွေကို အဓိကထားစစ်ဆေးနေပြီး ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့အရာတွေကိုတွေ့ရှိပါကထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိနေတယ်လို့ ဘားအံမြို့မှာနေထိုင်တဲ့ အမည်အဖော်လိုသူလူငယ်တစ်ဦးက အခုလိုပြောပါတယ်။
“ အစစ်အဆေးကတော့ သင်္ကြန်ပြီးတော့စစ်တာ ပိုကြပ်လာတယ် ၊ အိမ်စီးကားတွေဆို ဘယ်သွားမလဲ ဘာညာပေါ့၊Express ကားတွေဆိုရင် ဖုန်းတွေဘာညာစစ်တယ်၊ ကားပေါ်မှာပါလာတဲ့ လူငယ်တွေကိုဆင်းခိုင်းတယ်၊ ဖုန်းထဲမှာနိုင်ငံရေးလုပ်ထားတဲ့ဟာတွေကိုတွေ့ရင် ဖမ်းပြီးထောင်၃နှစ် ချလို့ရတယ်ဆိုပြီးပြောတယ်၊ ပြီးရင် အိမ်လိပ်စာတွေမှတ်ပုံတင်မိတ္တူတွေတောင်းထားတယ်၊” လို့ အမည်မဖော်လိုသူ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်နေ့ နေ့လည်ပိုင်းလောက်က သံလွင်တံတားအနောက်ဖက်ခြမ်း မြိုင်ကလေးလမ်းဆုံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အစစ်အဆေးတွေပိုပြီးများလာတယ်လို့ ဘားအံမြို့ ဒေသခံတစ်ဦးကကပြောပါတယ်။
“ ကားဗုံးပေါက်ကွဲပြီးတော့ ပိုပြီးတော့ စစ်လာတယ်၊ အရင်က အိမ်စီးကားတွေဆို သိပ်မစစ်ဘူး၊ အခုက ဘားအံဘက်ကသွားမယ်ဆို သံလွင်တံတားမရောက်ခင်လေးမှာ စစ်တယ်၊ သထုံဘက်ကနေဆို တိုးဂိတ်နားမှာထပ်စစ်တယ်၊ အသွားရောအပြန်ရောစစ်တာပေါ့၊ စစ်တာကတော့ အဖွဲ့စုံတယ်၊” လို့ ဘားအံမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဘားအံမြို့ အမှတ် ၈ရပ်ကွက်ရုံးရှေ့မှာလည်း စစ်ကောင်စီတပ်တွေက လမ်းမတန်းကို ပိတ်ထားပြီး လမ်းနှစ်ဖက်လုံးမှာအစစ်အဆေးတင်းကြပ်နေတာကြောင့် ဒေသခံတွေမှာ သွားလာရအခက်အခဲရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ဘားအံမြို့ထဲမှာလည်း စစ်ကောင်စီတပ်တွေက လိုင်စင်မဲ့ကားဖမ်းဆီးတာတွေကို ပြုလုပ်နေပြီး လိုင်စင်မဲ့ကားဖမ်းမိပါက ကားအမျိုးအစားအလိုက် ၃သိန်းကနေ ၁၀သိန်းအထိပိုက်ဆံတောင်းနေတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း