သံဖြူဇရပ်မှာ စစ်ကောင်စီယာဉ်တန်း တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ
မော်လမြိုင်၊ ဧပြီ၊ ၂၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၅ ရက် နေ့လည်ပိုင်း ၁၂ နာရီခန့်က သံဖြူဇရပ်မြို့ကနေ ရေးမြို့ဘက်ကို မောင်းနှင်လာတဲ့ အရပ်သားကားတစ်စီးနဲ့ ကားလေးတစ်စီးယာဉ်တန်းကို ပိန္နဲတောကျေးရွာ သုဿန်အနီးမှာ တောင်ညိုပြည်သူ့ပြောက်ကြားပူးပေါင်းတပ်ဖွဲ့မှ ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် မွန်းလွဲ ၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကားတစ်စီးနဲ့အတူ အင်အား ၃၀ ခန့်က ခြေလျင်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့ဘက်မှာ ပြန်လည်ဆုတ်ခွာလာရာ ပိန္နဲတောရွာအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက် ကြားက ထုတ်ပြန်ထားပေမယ့် ထိခိုက်သေဆုံးနဲ့ပတ်သက်ပြီး PRM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။
ဒါအပြင် ပိန္နဲတောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သံဖြူဇရပ်-ရေးအဝေးပြေးကားလမ်းမပေါ်မှာဆိုရင် စစ်ကောင်စီယာဉ်တန်းတွေ၊ ခြေလျင်စစ်ကြောင်းတွေ မကြာခဏ တိုက်ခိုက် ခံနေရသလို အဲဒီလမ်းမတလျှောက်မှာလည်း စစ်ကောင်စီဘက် ကင်းပုန်းဝတ်ပြီး လုံခြုံရေးယူထားလေ့ရှိတယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ကလိန်ပဒေါရွာနဲ့ ကုန်းမြင့်သာယာရွာအကြားမှာ အင်အား ၆၀ နီးပါးရှိတဲ့ စစ်ကောင်စီကား ၃ စီးကို တောင်ညိုပြည်သူ့ပြောက်ကြားတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – Google