ဘီးလင်းမှာ ပြည်တွင်းအခွန်ဦးစီးဌာနရုံး ရှော့တိုက်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ
မော်လမြိုင်၊ ဧပြီ၊ ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး ရှော့တိုက်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦပျက်စီးမှု ရှိခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
ကန်သာယာရပ်ကွက်၊ အောင်ချမ်းသာကွက်သစ်၊ ဘီးလင်း-တောင်စွန်းသွားကားလမ်းမဘေးမှာ ရှိတဲ့ ပြည်တွင်းအခွန်ဦးစီးဌာနရုံး ကို ဧပြီလ ၂၅ ရက် ည ၁၂ နာရီခန့်မှာ အမည်မသိလူတစ်စုက လက်လုပ်ရှော့တိုက်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ ည ၁၂ နာရီလောက်မှာ ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရတယ်၊ နောက်ဒီနေ့မနက်ကျမှ သိရတာ၊ ပြည်တွင်းအခွန်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်တဲ့၊ လူမှ မရှိတာ၊ ဘာမှ မဖြစ်ဘူးပေါ့၊ သူတို့ပြောကြတာတော့ ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာပဲ။” လို့ ပြောပါတယ်။
ရှော့တိုက်ဗုံးပေါက်ကွဲမှုကြောင့် ခြံစည်းရိုးတံခါး၊ မျက်နှာကျက်၊ တံခါးနဲ့ ရုံးအဆောက်အဦအတွင်းပိုင်းတွေ ပျက်စီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှာဖွေပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းမှာလည်း ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အမည်မသိအဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့တာကြောင့် ရုံးအဆောက်အဦတစ်ခုလုံးနီးပါးပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဓါတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်