ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရ က်နေ့ညပိုင်းကစပြီး ဒီနေ့ ဧပြီလ ၂၅ ရက်နေ့အထိ လျှပ်စစ်မီးပြတ်တောက်နေပေမဲ့ မီတာထိမ်းသိမ်းခကို လတိုင်းပေးဆောင်နေရတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၂နာရီလောက်က မြဝတီမြို့ကို အဓိက လျှပ်စစ်ဓာတ်အား ပေးနေတဲ့ သင်္ဃန်းညီနောင်က ပင်မထရမ်စဖော်မာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း မြဝတီမြို့မှာ ဒီနေ့အထိ ၅ လနီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
အခုလို မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပေမဲ့ လတိုင်း မီတာထိမ်းသိမ်းခတွေကို ပေးဆောင်နေရပြီး မပေးဆောင်ရင် အိမ်တွေကိုမှတ်ထားပြီး အတိုးနဲ့ ပြန်လည်ပေးဆောင်ရတယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“မီတာထိမ်းသိမ်းခဆိုပြီး စာရွက်နဲ့လာတာ၊ တစ်လကို ၅၀၀ လတိုင်း မီးရုံးကိုသွားပေးရတယ်၊ မပေးလိုမရဘူး၊ မပေးရင် လာပြီးစာရွက်လာပေးတဲ့လူတွေက မပေးတဲ့ အိမ်တွေကိုမှတ်ထားတယ်၊ ပြီးရင် ဒဏ်ကြေးအတိုးနဲ့ သွားပြန်ပေးရတယ်၊ တစ်ရက်ကျော်ရင် ၁၀၀၀ ပေးရတယ်၊ လွန်ခဲ့တဲ့လ ၂ပတ်လောက် ရက်လွန်သွားလို့ သွားပေးတာ ၁သောင်းတောင်းတာ ပိုက်ဆံမလောက်လို ၇၅၀၀ ပေးခဲ့ရတယ်၊ ပါသွားတာအကုန်ဘဲ” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြဝတီမြို့မှာ အခုလို လျှပ်စစ်ဓာတ်အားပြတ်တောက်နေတာကြောင့် မြဝတီမြို့ ဒေသခံတွေအနေနဲ့ မီးစက်နဲ့ ဆိုလာပြားကို အဓိက အသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြဝတီမြို့ဟာ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တာကြောင့် ထိုင်းနိုင်ငံကမီးကို တစ်ယူနစ် ၁၀ ဘတ်နဲ့ ဈေးကြီးပေး အသုံးပြုနေကြရတယ်လို့ မြဝတီမြို ဒေသခံတွေက ပြောပါတယ်။
အခုလို လျှပ်စစ်မီး ကာလရှည်ကြာပြတ်တောက်နေတာမှာ မြဝတီမြို့တစ်မြို့ထဲမဟုတ်ဘဲ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေ တာ ဖြစ်ပြီး နေ့စဉ်နေထိုင်ရေးအတွက် မီးစက်၊ ဆိုလာပြားတွေအပြင် အစားအစာချက်ပြုတ်ရေးအတွက် ဂတ်(စ်) နဲ့ မီးသွေးတွေကို ဈေးကြီးပေးပြီး အသုံးပြုနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ