ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ဘောလုံးကွင်းနဲ့ မိုးလုံလေလုံအားကစားကွင်း မျက်နှာစာတန်း ဆိုင်ခန်းတွေကို ဧပြီလကုန်အပြီးပြောင်းရွှေ့ဖို့ အားကစားနဲ့ကာယပညာဦးစီဌာနရုံးက အမိန့်ထုတ်ထား တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဧပြီလ ဒုတိယအပတ်လောက်ကနေစပြီး ပဒုမ္မလမ်းမိုးလုံလေလုံ အားကစားရုံမျက်စာတန်းဆိုင်ခန်းတွေ အောင်သံလွင် ဘောလုံးကွင်း မျက်နှာစာတန်းဆိုင်ခန်းတွေနဲ့ ရဲဘော်စျေး ဟိန္ဒူဘုရားကျောင်းဘေး ဆောက်လုပ်ရေးဝန်ထမ်းအိမ်ယာ မျက်နှာစာတန်း ဆိုင်ခန်းနေရာတွေက ဆိုင်ခန်း ၅၀ လောက်ကို စစ်ကောင်စီက ဖယ်ရှားခိုင်းတာဖြစ်ပါတယ်။ ဧပြီလဆန်းရက်က ဆိုင်ခန်းပိုင်ရှင်တွေကို အားကစားနဲ့ ကာယပညာဦးစီဌာနရုံးအတွင်းကိုခေါ်ယူပြီး ဧပြီလကုန်အပြီးပြောင်းရွှေ့ဖို့ ပြောဆိုခဲ့ကာ ဘာကြောင့် ပြောင်းရွှေ့ခိုင်းလဲဆိုတာကိုမသိရဘူးလို့ အမည်မဖော်လိုတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။
“သင်္ကြန်မတိုင်ခင် ၄ လ ပိုင်းအကုန်အပြီး ပြောင်းခိုင်းတာ၊ ဘာကြောင့်ပြောင်းခိုင်းလဲဆိုတာကိုတော့ မပြောသွားဘူး။ ဒီတိုင်းပြောင်းခိုင်းတာ။ ရုံးကိုခေါ်ပြီး။ အခုလဲပြောင်းတဲ့သူကပြောင်းတယ်။ မပြောင်းပဲ ကျန်ခဲ့တဲ့သူတွေလည်း ရေတွေမီးတွေဖျက်ထားတယ်” လို့သူကပြောပါတယ်။
ကရင်ပြည်နယ်စစ်ကောင်စီက ဌာနဆိုင်ရာ အဆောက်အဦးမျက်နှာစာတွေမှာ ဆိုင်ခန်းတွေနဲ့ ပိတ်နေကြောင့် အခုလိုဖယ်ရှားခိုင်းတာဖြစ်ပြီး အကုန်ရွှေ့ပြောင်းပြီးရင်လည်း ခြံစည်းရိုးအပိတ် ခတ်တာတွေ လုပ်ဆောင်သွားမယ်လို့ အား/ကာရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အားကစားကွင်းဈေးဆိုင်ခန်းများတွင် နေထိုင်သူဈေးရောင်းသူတွေမှာ နှစ်ပေါင်း ၃၀ ကျော် ရှိနေပြီးဖြစ်တာကြောင့် နေရာမပြောင်းရွှေ့ချင်သလို အများစုမှာ အားကာဌာနကရောင်းချထားတို့ ကိုယ်ပိုင်ဆိုင်ခန်းတွေဖြစ်တယ်လို့ သိရပါတယ်။
အခုလိုစစ်ကောင်စီက ဆိုင်ခန်းတွေပြောင်းရွှေ့ခိုင်းတာကြောင့် ဆိုင်ခန်းပိုင်ရှင်တွေမှာ ငွေကြေးဆုံးရှုံးမှုတွေအပြင် ဆိုင်ခန်းနေရာအတွက်လည်း ချက်ချင်းရှာမရပဲ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ