ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ဘေး လေးကေ့ကော်ဒေသ စစ်ရှောင်တွေအတွက် ယာယီဖွင့်လှစ်ထားတဲ့ ပလော့တပိုစစ်ဘေးရှောင်စခန်းမှာ မဲကနယ်ကျေးရွာ ၊ မဲပလဲ့ကျေးရွာ မှ စစ်ရှောင်လာတဲ့သူတွေထဲမှာ ကလေးငယ် (၂၆၈) ဦးအတွက် စာသင်ကြားနိုင်ဖို့ စာရေးကိရိယာတွေ လိုအပ်နေတယ်လို စစ်ရှောင် ကူညီသူတွေ ထံမှသိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက စစ်ဘေးတိမ်းရှောင်နေရတဲ့ကလေးငယ် ၃၀၀၀ ကျော်မှာ ၂၀၂၁−၂၀၂၂ ခုနှစ် စာသင်နှစ်ကနေ ယခု ၂၀၂၃ − ၂၀၂၄ စာသင်နှစ်အထိ (၃) နှစ်တာ ကာလအတွင်း စာမသင်ကြားရတဲ့ ကလေးငယ်တွေကို စာသင်ကြားနိုင်ဖို့ ပလော့တပိုစစ်ရှောင်စခန်းမှ ပညာသင်ကြားရေးအစီအစဥ်တွေ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၂၃) ရက်နေ့က လေပြင်းတိုက်ခတ်တဲ့အထဲမှာ စာသင်ကျောင်းဆောင် ပြိုကျသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့်ကျောင်းဖွင့်ရာသီအတွက် စစ်ရှောင်ကလေးငယ်တွေ စာသင်ကြားနိုင်ဖို့ ကျောင်းလွယ်အိတ် ၊ ကျောင်းဝတ်စုံ နဲ့ ကျောင်သုံးစာရေးကိရိယာတွေလိုအပ်နေတာ ဖြစ်တယ်လို့ ပလော့တပို စစ်ရှောင်စခန်း တာဝန်ရှိသူထံမှသိရပါတယ်။
“တနေ့က လေပြင်းတိုက်လို့ စာသင်ကျောင်းဆောင်လည်း ပြိုကျသွားတယ်လေ။ အဲ့တော့ ပြန်ပြင် ဆောက်ဖို့လဲ လိုအပ်နေပါတယ်။ နောက်ပီးတော့ ကျောင်းကလည်း ပြန်ဖွင့်တော့မယ်ဆိုတော့ လွယ်အိတ် ၊ ကျောင်းဝတ်စုံ ၊ စာရေးကိရိယာ တွေအပြင် ရိက္ခာတွေဖြစ်တဲ့ ကုန်ခြောက်ပစ္စည်းနဲ့ ဆန် အဓိက လိုအပ်နေတာ ဖြစ်တယ်” လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာ ကလေးငယ်တွေအတွက် နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်း နဲ့ ကွန်ပျူတာသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတယ်လို့သိရပါတယ်။ တနေ့ကို ကွန်ပျူတာသင်တန်း (၃) ချိန်သင်ကြားပေးတာကြောင့် တစ်နေ့တာအတွက် ဓာတ်ဆီ တစ်ဂါလံလောက် နေ့စဥ်လိုအပ်နေတယ်လို့သိရပါတယ်။
“ကလေးတွေကိုစာသင်တဲ့အခါမှာ သူတို့စာလိုက်နိုင်တဲ့အပေါ် မူတည်ပြီး အတန်းတွေခွဲပြီး သင်ကြားပေး နေတာပါ။ ဘယ်နှစ်တန်းကနေ ဘယ်နှစ်တန်းအထိဆိုပြီး သီးသန့်သင်ကြားပေးတာမျိုးမရှိပါဘူး ။ ကွန်ပျူတာသင်တန်းက တနေ့ (၃) ချိန်သင်ပေးနေတယ်။ မီးစက်နဲ့သင်ရတာဆိုတော့ ဓာတ်ဆီလည်း လိုအပ်နေပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
ပလော့တပိုစစ်ရှောင်စခန်းမှာ လေးကေ့ကော်က စစ်ဘေးတိမ်း ရှောင်လာတဲ့ ကလေးငယ်တွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ လောက်ကတည်းက ပညာသင်ကြားပေးရေး အစီအစဥ်တွေ စတင်ဆောင်ရွက်လာခဲ့ တာလည်း ဖြစ်ပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – CJ