ထားဝယ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်နှစ်ခု တစ်ရက်တည်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ၁၅ ဦးခန့် ထိခိုက်သေဆုံးဟုဆို
မော်လမြိုင်၊ ဧပြီ၊ ၂၅
တနင်္ဿာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းနှစ်ခုကို တရက်တည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၅ ဦးကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(ထားဝယ်ခရိုင်)က ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၃ ရက် နံနက် ၅ နာရီခွဲမှာ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ထားဝယ်ခရိုင်တပ်ရင်း(၁)မှ ဗိုလ်ကျော်ကြီးဦးဆောင်တဲ့ တပ်ခွဲ(၂)စစ်ကြောင်း၊ Drone တပ်ဖွဲ့၊ ဥဩစစ်ကြောင်း၊ DGRF ၊ Aline Force၊ ဧဒင်မှူး၊ သံမဏိပျောက်ကြား-နဘယံနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ် ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၅ ဦးကျော် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်(၁၆)ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါအပြင် ယင်းနေ့ နေ့လည် ၁၂ နာရီခန့်မှာ ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာမှ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်စခန်း ကို ဗိုလ်မီးပွားဦးဆောင်တဲ့ တပ်ခွဲ(၁)စစ်ကြောင်းနဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ တနင်္သာရီစစ်ကြောင်းမှ ရဲဘော်တွေ၊ DDT ၊ EDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တာကြောင့် အတည်မပြုနိုင်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ လက်နက်ကြီးလက်နက်ငယ်တွေ တစ်နာရီနီးပါးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေ ဝင်ချတော့ သူတို့ဘက်ကလည်း ပစ်တယ်၊ အပြန်အလှန်ပဲ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တစ်နာရီလောက်ရှိမယ်၊ ပစ်ကြတာလေ၊ ဒါပေမယ့် သူတို့ဘက်က လက်နက်ကြီး တောက်လျှောက်ပစ်ကူပေးနေတာဆိုတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဘက်က ပြန်ဆုတ်လိုက်ရတယ်။” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ပကာရီကျေးရွာမှာ ရှိတဲ့ ရဲကင်းစခန်းနဲ့ ထားဝယ်-ရေးကားလမ်းမဘေး မောင်မယ်ရှောင်ရွာအနီးက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ကော်သူလေးတပ်မတော်(KTLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗီဒီယို – ပြည်သူ့ကာကွယ်ရေး တပ်မတော်(ထားဝယ်ခရိုင်)