မြိတ်မြို့ပေါ်မှာ အိမ်စီးကားပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး
မော်လမြိုင်၊ ဧပြီ၊ ၂၄
တနင်္ဿာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်မှာ အိမ်စီးကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ ကားပေါ်ပါသူ နှစ်ဦးပွဲချင်းသေဆုံးသွား တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
မနေ့က ဧပြီ ၂၃ ရက် ညနေ ၄ နာရီခန့်မှာ မြိတ်မြို့ပေါ် စည်ပင်ရုံးရှေ့မှာ အိမ်စီးကားမှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အိမ်စီးကားပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်၊ မနေ့ညနေက ဖြစ်သွားတာပါ၊ ကားက မောင်းလာတဲ့ပုံမှန်ဘဲ၊ စည်ပင်ရုံးရှေ့လောက်အရောက်မှာ သူ့ဟာသူ ပေါက်ကွဲသွားတာ၊ ပေါက်ကွဲသံကလည်း ကျယ်တယ်၊ သေတယ်၊ နှစ်ဦးစလုံးသေသွားတယ်၊ အဲမှာပဲ သေသွားတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သက်ကြီးပိုင်းတွေပါပဲ။” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ အခင်းဖြစ်ရပ်နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေက ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်တာ တွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကလည်း သထုံ-ဘားအံကားလမ်းမပေါ်မှာ အိမ်စီးကားတစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ အမျိုးသားတစ်ဦးပွဲချင်းသေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Myeik Now