
ဧပြီလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ ဧပြီ ၂၁ ရက် နေလည်ပိုင်းမှာ အရပ်သားတစ်ဦးမောင်နှင်လာတဲ့ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်နဲ့ ပစ်ခတ်လိုက်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ပစ်ခံလိုက်ရတဲ့ကားသမားဟာ ရေဖြူမြို့ပေါ် လမ်းဆုံးအနီးမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားရပ်ခိုင်းရာမှာ မောင်းနှင်ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ သူမောင်းလာတဲ့ ကားကို လုံခြုံရေးတပ်ဖွဲ့တွေက ရပ်ခိုင်းတာ၊ မရပ်ပေးဘဲ မောင်းပြေးသွားလို့ ပစ်ခံရတာလို့ ပြောတယ်။ မြို့ပေါ်မှာပဲ သေနတ်နဲ့ ပစ်ခံရတဲ့နေရာကလေ၊ မှားပြီး ပစ်မိတာထင်တယ်။” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ကားကို ပစ်ခတ်ပြီး မော်တော်ယာဉ်ပေါ်ပါသူကို သွားရောက်စစ်ဆေးရာမှာ အရပ်သားတစ်ဦးက ပွဲချင်းသေဆုံးနေတာကိုသာ တွေ့ရှိခဲ့ပြီး အလောင်းကိုတော့ မိသားစုဝင်တွေထံ လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။
သေနတ်ပစ်သတ်ခံရသူဟာ အသက် ၃၀ နှစ်ကျော်အရွယ် ရေဖြူဒေသခံတစ်ဦးဖြစ်သလို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ရေဖြူမြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ စစ်ဘက်အရပ်ဘက်ဌာနဆိုင်ရာရုံးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေ မကြာခဏတိုက်ခိုက်ခံနေတာကြောင့် နေရာအနှံ့မှာ လုံခြုံတင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဓါတ်ပုံ – Google