
ဧပြီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ဒီကနေ့မနက် အစောပိုင်းက မိုးဗြဲ လွိုင်ကော်လမ်းမကြီးတနေရာမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို KNDF B 03 နဲ့ ဖယ်ခုံ တပ်ရင်း (၂) ဗိုလ်တထောင်တပ်ခွဲ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
“မနက်အစောပိုင်း ၂ နာရီလောက်ကနေ ၃ နာရီလောက်ထိ တိုက်ပွဲဖြစ်ကြတယ်၊ စစ်တပ် ယာဉ်တန်းက အစီး ၂၀ ကျော်ပါတယ်၊ လက်နက်ခဲယမ်းတွေ တင်ထားတာ၊ ဒေါတမကြီး ဒေါညေးခူနားတဝိုက်မှာ သူတို့အထိနာထားတော့ အဲ့ဒီကို လက်နက်သယ်တဲ့ ယာဉ်တန်းလို့ ကျတော်တို့ ယူဆပါတယ်” လို့ ဗိုလ်တထောင်တပ်ခွဲ ပြန်ကြားရေးတာဝန်ရှိသူက Karenni’s Voice ကို ပြောပြပါတယ်။
ထိတွေ့တိုက်ပွဲဟာ တနာရီနီးပါးကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီက လွိုင်ကော်အမြှောက်တပ် နဲ့ ၄၂၂ တပ်တို့ကနေ လက်နက်ကြီးများ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ပါတယ်။ အရပ်သားတဦးဟာ လည်ပင်းကို ထိခိုက်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
“တိုက်ပွဲပြီးခါနီးလောက်မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်တာ၊ ကျတဲ့ရွာက တိုက်ပွဲနေရာနဲ့ ၅ မိုင်ကျော်ဝေးတယ်၊ ရွာသား ၂ ယောက်ထိသွားတာ တယောက်က လည်ပင်းထိတာမို့ စိုးရိမ်ရတယ်၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေတာတွေလည်း ရှိတယ်၊ ဒါပေမဲ့ မနက် ၂ နာရီမှာဖြစ်တာဆိုတော့ အတည်ပြုဖို့ခက်တယ်၊ သေချာမမြင်ရဘူးပေါ့၊ ပြီးတော့ သူတို့ တပ်ဖွဲ့အချင်းချင်းမှားပစ်လို့ ၂ ယောက် သေတယ်လို့လည်း ကြားတယ်၊ သိပ်တော့မသေချာဘူး၊ ပူးပေါင်းတပ်ဖွဲ့ကတော့ အထိအခိုက်မရှိပါဘူး” လို့ ဆက်လက် ပြောပြပါတယ်။
ဒေါတမကြီး၊ ဒေါညေးခူတဝိုက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့များဖြစ်ပွားတဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီက အယောက် ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း KNDF က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ ယခု တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းဟာ ဒေါညေးခူဘက်ကို သွားတဲ့ လက်နက်ယာဉ်တန်းလို့ တပ်ဖွဲ့များက ယူဆပါတယ်။ ဧပြီ ၁၉ ရက်ကလည်း ခမရ ၈၀ ရဲ့ ဒေါညေးခူဘက်လာတဲ့ ရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦးသေဆုံးကာ လက်နက် ၆ လက် ရရှိခဲ့ပါသေးတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – ဗိုလ်တထောင်တပ်ခွဲ