ဧပြီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သင်္ကြန်ကာလပြီးတဲ့နောက်ပိုင်း ဧပြီလ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက လိုင်စင်မဲ့ကားဖမ်းဆီးတာတွေကို ပြန်လည်ပြုလုပ်နေပြီး ဖမ်းမိတဲ့ကားတွေကို ကားအမျိုးအစားအလိုက် ပိုက်ဆံကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။
လိုင်စင်မဲ့ကားတွေကိုဖမ်းမိပါက ကားအမျိုးအစားအလိုက် ၃ သိန်းကနေ ၁၀ သိန်းအထိ ဒါဏ်ငွေ ပေးဆောင်ရပြီး အိမ်လိပ်စာပေးပြီး လက်မှတ်ထိုးပြန်ထုတ်ယူရတယ်လို့ ဘားအံမြို့နေဒေသခံတစ်ဦးက ပြောပါတယ်။
“ကားအမျိုးစားအလိုက်ဘဲ၊ ကားညံ့ရင် ၃သိန်း၊ အလယ်အလတ်လောက်ဆို ၅ သိန်း၊ ကားအကောင်းစားဆို ၁၀ သိန်းအထိပေးပြီး ပြန်ရွေးရတယ်၊ ခရိုင်ရဲမှူးကိုယ်တိုင်ဖမ်းတာ၊ ဖမ်းခံထိတဲ့ ကားတွေအများကြီးဘဲ၊ ဖမ်းမိလို့ ပိုက်ဆံပါရင် ပိုက်ဆံပေးပြီးပြန်ယူသွားလို့ရတယ်၊ ပိုက်ဆံမပါရင်တော့ အိမ်ကိုမှာပြီးလာထုတ်ခိုင်းတယ်” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဘားအံမြို့ ကားဝင်းကြီးရှေ့၊ ဓမ္မဝါသီဘုန်းကြီးကျောင်းရှေ့နဲ့ ဇွဲကပင်ပလာဇာဘက်တွေမှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက လမ်းသွားလမ်းလာ ယာဥ်တွေကို နှစ်ဖက်ပိတ်ပြီး စစ်ဆေးတာတွေကိုပြုလုပ်နေတယ်လို့ ဘားအံမြို့ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဖမ်းတာတွေကတော့ ရှိနေတယ်၊ လမ်းကို ဟိုဘက် ဒီဘက်ပိတ်ဖမ်းတာ၊ လမ်းကြားတွေထဲကနေ ပတ်မောင်းလို့မရဘူး၊ ဇွဲကပင်ပလာဇာဘေးက လမ်းကြားတွေထဲမှာလည်း ရဲတွေ ၂ ယောက် ၃ ယောက် လောက်ကစောင့်နေတာ” လို့ ဘားအံမြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီတပ်အဖွဲ့စုံက ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရတဲ့ လိုင်စင်မဲ့ကားတွေကို မှတ်ပုံတင်နဲ့ ပြန်ထုတ်ပေးခဲ့တဲ့နောက်ပိုင်း ယခုလတ်တလော လိုင်စင်မဲ့ကားတွေကိုမိပါက ကားကိုသိမ်းမယ်လို့ ခြိမ်းခြောက်ပြောဆိုပေမဲ့ ငွေညစ်ပြီး ပြန်လွတ်ပေးတဲ့ဖြစ်စဥ်တွေ နေ့စဥ်နေ့တိုင်းဖြစ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ငွေကောင်းနေတယ်လို့လည်း သိရပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – ပုံဟောင်း