ထားဝယ်မှာ ပျူစောထီးနဲ့ နယ်ထိန်းမိသားစုဝင်လိုက်ပါလာတဲ့ကားကို ရပ်တန့်စစ်ဆေးရာမှာ မောင်းပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရ၊ လေးဦးသေဆုံး
ထားတယ်၊ ဧပြီ၊ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက လမ်းပိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ နယ်ထိန်းမိသားစုအပါအဝင် ၄ ဦးမောင်းနှင်လာတဲ့ ကားကို ရပ်တန့်စစ်ဆေးရာ မောင်းပြေးတာကြောင့် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)မှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် နံနက် ၈ နာရီခန့်က ထားဝယ်-ထီးခီး လမ်းပိုင်းလုံခြုံရေးယူနေကြတဲ့ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တွေက ပကာရီရဲကင်းစခန်းကနေ ကျောက်မဲတောင်ရဲစခန်းဘက်ကို မောင်းနှင်လာတဲ့ Honda Fit ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ လမ်းပိုင်းစစ်ဆေးနေသူတွေကို ယာဉ်နဲ့တိုက်မောင်းပြေးရန် ကြိုးစားခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ယာဉ်အတွင်းလိုက်ပါလာသူ ဦးချစ်ကို (ပျူစောထီးအဖွဲ့ဝင်) အသက် ၃၅ နှစ်အရွယ်နဲ့ နယ်ထိန်းသက်ဇော်ထွန်းရဲ့ သမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် မသဲစုရွှေစင်တို့မှာ အခင်းဖြစ်ရပ် နေရာမှာပင် ပွဲချင်းသေဆုံးခဲ့သလို နယ်ထိန်းသက်ဇော်ထွန်းရဲ့ မိခင်ဖြစ်သူမှာ သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ယာဉ်မောင်းဖြစ်တဲ့ တောင်သုံးလုံး ပျူစောထီးအဖွဲ့ဝင် ကိုထွန်းမောင်ဆိုသူမှာ ပစ်ခတ်မှုအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နောက်နေ့ နံနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုထွန်းမောင်ဆိုသူကို စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်လာရာ လမ်းခုလတ်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံကာ ထွက်ပြေးရန်ကြိုးစားခဲ့တာကြောင့် အဲဒီနေရာမှာပဲ ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးအများအပြားနဲ့ ရှာဖွေစစ်ဆေးမှုတွေ တင်းကြပ်ထားသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိန်းချုပ်ထားတဲ့နယ်မြေတွေဘက်မှာ လမ်းသွားလမ်းလာတွေကို ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်လေ့ရှိပါတယ်။
ဒီလိုမျိုး လမ်းသွားလမ်းလာပြည်သူတွေကို ရှာဖွေစစ်ဆေးရာမှာ တချို့ယာဉ်တွေက ကြည်ဖြူစွာနဲ့ စစ်ဆေးခြင်းမခံဘဲ မောင်းနှင်ထွက်ပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အများစုမှာတော့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဓါတ်ပုံ – ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)