
ဧပြီ ၂၁ ရက် ၂၀၂၃ ခုနှစ်
ဘယ်အခြေအနေမှာ ရောက်ရှိနေပါစေ စစ်အနိဌာန်ကင်းမဲ့တဲ့ အနာဂတ် ကရင်နီပြည်သစ်ကို ညီရင်းအစ်ကို စိတ်ဓာတ် အရင်းပြုပြီး လျှောက်လှမ်းကြဖို့ ကရင်နီပြည်တိုးတက်ရေးပါတီ KNPP ဥက္ကဌ ခူဦးရယ် ပြောဆိုတိုက်တွန်းလိုက်ပါတယ်။
ဧပြီလ ၁၉ ရက်မှာ ကျရောက်တဲ့ ကရင်နီအမျိုးအသားများရဲ့ ၂၇၆၂ ခုနှစ်ပြည့် နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ KNPP ဥက္ကဌက အဲ့ဒီလို ပြောဆိုတိုက်တွန်းထားတာဖြစ်ပါတယ်။
“အနာဂတ်သစ်ကို ပုံဖော်ကြမယ့် အနာဂတ် ခေါင်းဆောင် လူငယ်လူရွယ်များအနေဖြင့် ရေရှည်စစ်တလင်းထဲမှာ မနစ်မြုပ်သွားဖို့ မနစ်မွန်းသွားအောင် အမြန်ဆုံးလွတ်မြောက်ရာလမ်းကို ရောက်ရှိနိုင်ကြဖို့ရာအတွက် စည်းလုံးညီညွတ်နေကြဖို့ အထူးမျှော်လင့် တောင့်တနေပါကြောင်း မှားကြားလိုပါတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်အနိဌာန်ကင်းမဲ့တဲ့ ကရင်နီပြည်အနာဂတ်သစ်ကို ခေါင်းဆောင်သစ် ပုံစံသစ် လူသစ် စိတ်သစ် နဲ့ စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းဖို့ ညီရင်းအစ်ကို စိတ်ဓာတ်ကို အရင်းပြုပြီး လျှောက်လှမ်းကြဖို့ကိုလည်း အထူးမေတ္တာရပ်ခံလိုတယ်လို့ KNPP ဥက္ကဌ ခူဦးရယ်ကပြောပါတယ်။
ဘယ်နေရာ ဘယ်ဒေသ ဘယ်အခြေအနေအောက်မှာပဲ ကျရောက်နေပါစေ ကျောချင်းကပ် ရင်းချင်းအပ်ပြီး ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာနဲ့ မကောင်းမှုမှန်သမျှကို နည်းလမ်းပေါင်းစုံကနေ အတူတကွ တွန်းလှန်တော်လှန်ရမယ်လို့လည်း သူကပြောပါတယ်။
နှစ်သစ်ကူးနေ့ဟာ ကရင်နီအမျိုးသားတစ်ရပ်လုံးအတွက် မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ပေမယ့် လက်ရှိ ကရင်နီပြည် အတွင်းမှာတော့ ကရင်နီပြည်သူ ပြည်သားတို့ဟာ ဗမာလူမျိုးကြီးဝါဒနဲ့ အုပ်စိုးလိုသူ လူတစ်စုကြောင့် နှစ်ပေါင်း ခုနှစ်ဆယ်လေးနှစ်အတွင်း အကြီးမားဆုံး နဲ့ အဆိုးဝါးဆုံးသော အသက်သွေးချွေးများနဲ့အတူ ဆင်းရဲဒုက္ခပေါင်းများစွာနဲ့ ရင်ဆိုင်ကျော်လွှားနေရတဲ့ ကာလဖြစ်တယ်လို့ KNPP ဥက္ကဌ ခူဦးရယ်က သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။
ဧပြီလ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ကို ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်း ဘန့်နန်းဆွယ် စခန်း နဲ့ အမှတ် ၂ ဘန့်မူစရင်းစခန်း တွေမှာ ကျင်းပပါတယ်။
Khamhti Radio ( People’s Radio Myanmar )