စစ်ကောင်စီခန့် ရွေး/ကော်ဒုညွှန်ချုပ် ဗိုလ်မှူးကြီး စိုင်းကျော်သူ (ငြိမ်း) လမ်းမှာ ပစ်သတ်ခံရ
ရန်ကုန်၊ ဧပြီ၊ ၂၂
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီကနေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိုင်းကျော်သူ လမ်းမှာ ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
ဦးစိုင်းကျော်သူဟာ ဇနီးဖြစ်သူ ဆရာဝန်ကို အောင်ရတနာပုဂ္ဂလိကဆေးရုံပို့ဆောင်ပေးပြီး ကားမောင်းပြန်လာချိန် ဝေဇယန္တာ လမ်းပေါ် ၁၆ လမ်းဆုံအနီးမှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာဖြစ်ပါတယ်။
သေနတ်ပစ်ခံရမှုကြောင့် ဦးစိုင်းကျော်သူဟာ လည်ပင်း၊ ယာနားနောက်၊ ချိုင်းအောက်နဲ့ လက်တွေမှာ ကျည်ဖောက်ထွင်း ဒဏ်ရာ ၅ ချက်နဲ့ အခင်းဖြစ်နေရာကနေ ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်က အတည်ပြုထားပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ဒုညွှန်ချုပ်ဖြစ်သူ စိုင်းကျော်သူအား ရန်ကုန်မြို့ တစ်နေရာမှာ ကားမောင်းလာစဉ် ကားအတွင်းကို သေနတ်အတိုများနဲ့ For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။
သူဟာ စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်မှ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးလည်း ဖြစ်ပြီး စစ်တပ်ထဲမှာ တိုက်ကွမ်ဒို ကျွမ်းကျင်အထူးကွန်မန်ဒိုတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ရွေးကောက်ပွဲ ဆိုင်ရာ မလျော်ဩဇာသုံးမှုနဲ့ စွဲဆိုခဲ့တဲအမှုတွေမှာလည်း တရားလိုသက်အဖြစ်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
စိုင်းကျော်သူဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှာ ဒုညွှန်ချုပ်ရာထူးမှ ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးတိုးဖို့ လျာထားခြင်းခံရသူလည်း ဖြစ်ပါတယ်။
စိုင်းကျော်သူအား ရှင်းလင်းခဲ့သူ For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီ၏ ရာထူးရှိ အကြမ်းဖက် ဗိုလ်ချုပ်၊ ဗိုလ်မှူးများသာမက ၎င်းတို့နှင့်အတူ ပူးပေါင်းကာ ပြည်သူလူထုအား ဖိနှိပ်၊ အနိုင်ကျင့်၊ အကြမ်းဖက်နေသူများ စစ်ကောင်စီသက်ဆိုးရှည်အောင်ထောက်ပံ့ ကူညီသူများကို ဆက်လက် သုတ်သင်ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဓါတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်