ဧပြီလ ၂၁ ရက် ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ မြဝတီမြို့အနီးအနားက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာတွေမှအပ ကျန်နေရာတွေမှာ ကုန်ပစ္စည်းပြတ်တောက်သွားခြင်းမျိုးမရှိပဲ ကုန်စည်ဆက်လက်စီးဆင်းနေတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး လမ်းခရီးမှာ တောင်းခံတဲ့ ဂိတ်တွေမှ ဂိတ်ကြေးတွေများလာရင် ကုန်စျေးနှုန်းမြင့်တက်တာတွေကရှိနေတယ်လို့ မြဝတီမြို့တွင်း နေထိုင်သူတွေထံမှသိရပါတယ်။
ယခင် အာဏာမသိမ်းခင်က ၁၀၀ ကျပ်နဲ့ ဝယ်ယူရတဲ့ လေဖောင်းမုန့်တွေက အခုဆိုရင် ၃၀၀ ကျပ် လောက်ပေးဝယ်နေရပါတယ်။ မြဝတီမြို့အနီးတဝိုက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း နဲ့ မြို့တွင်း ပြောက်ကြားတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုပြတ်လပ်သွားတာမရှိပေမယ့် ကုန်စျေးနှုန်းကတော့ ဘာဝယ်ဝယ် ၃ ဆ လောက် မြင့်တက်လာတာ ဖြစ်တယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးက ပိတ်ထားတာလည်းမဟုတ်သလို ဖွင့်ထားတာလည်း မဟုတ်ဘူးဗျ ။ သွားရဲတဲ့သူတွေကတော့ သွားနေကြတာပဲ ။ ကိုယ်ဖြစ်ကိုယ်ခံပေါ့ စကစ ဘက်ကလည်း ဘာအာမခံချက်မှပေးမထားပါဘူး။ ကုန်ကားသမားတွေလည်းဒီလိုပဲ သွားနေကြတာပဲ။ တခုတော့ ရှိတာပေါ့ဗျာ လမ်းခရီးအခြေအနေပေါ်မူတည်ပြီးတော့ စရိတ်တွေများလာရင် ကုန်စျေးနှုန်းကတော့ အခုလိုပဲမြင့်သွားတာပေါ့” လို့ သူက ဆိုပါတယ်။
ယခုဆိုရင် ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ် (၁) ကနေ ထိုင်းဘက်ခြမ်းကို တရားဝင် ဗီဇာ (၇) ရက်နဲ့ သွားရောက်နေကြသလို ထိုင်းမြန်မာချစ်ကြည်ရေး တံတားအမှတ် (၂) ကနေလည်း ထိုင်းဘက်က ကုန်ကားတွေ မြဝတီဘက်ကို ဧပြီလ (၂၀) ရက်နေ့ မနေ့ကစပြီးတော့ ပြန်လည်ဝင်ရောက်နေတာ ဖြစ်တယ်လို့ ကုန်တင်ကုန်ချ လုပ်ကိုင်သူတွေထံမှသိရပါတယ်။
“မနေ့က ထိုင်းဘက်ကကုန်ကားတွေ (ရှမ်းကား) တွေ အမှတ် (၂) တံတားကနေ ပြန်ဝင်နေပြီလေ။ အရင်က ကုန်ကားမဝင်တုန်းကဆိုရင် အဲ့ကအလုပ်သမားတွေက ကြားပေါက်ရသမျှတွေ အကုန် လိုက်လုပ်နေကြတာလေ။ အခု ရှမ်းကားတွေပြန်ဝင်လာတော့ ကုန်တင်ကုန်ချလုပ်တဲ့ အလုပ်သမားတွေ ကိုတောင် မနည်းပြန်ရှာပြီး လုပ်ခိုင်းရတယ်လေ” လို့ ကုန်တင်ကုန်ချလုပ်ကိုင်သူတဦးက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းရှိ ဒေသတော်လှန်ရေး မြေပြင်ပူးပေါင်းစစ်ကြောင်း (၁၀) ကြောင်းမှ ဧပြီလ (၇) ရက်နေ့ ကနေ ဧပြီလ (၂၁) ရက်နေ့အထိ မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် မပြုလုပ်ရန်ကိုလည်း ထုတ်ပြန်ကြေငြာထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၅) ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြားမှာ ဖြစ်ပွားခဲ့တိုက်ပွဲကြောင့် ကုန်ကားတွေကိုဖြတ်သန်းသွားလာခွင့် မပြုတဲ့ အတွက် မြဝတီမြို့နဲ့ အနီးအနားက ကျေးရွာတွေမှာ ကုန်စျေးနှုန်းမြင့်တက်မှုတွေ ၊ ကုန်ပစ္စည်း ပြတ်တောက်မှုတွေအပြင် ကုန်ကား သမားတွေအနေနဲ့ ကုန်ပစ္စည်းဆုံးရှုးမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – CJ