ဧပြီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ၄ လကျော်ကြာသည့်အထိ လျှပ်စစ်မီးမရရှိတဲ့အတွက် ဒေသခံပြည်သူတွေ ထမင်းဟင်းချက်ပြုတ်ရာမှာ မီးသွေးနဲ့ဂတ်(စ်)တွေကိုအသုံးပြုနေကြရပြီး မီးသွေးနဲ့ ဂတ်(စ်)မှာလဲ ဈေးတွေအဆမတန်မြင့်တက်လာတယ်လို့ မြဝတီမြို့နေ ဒေသခံတွေထံမှသိရပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့ ၄ လကျော်ကြာတဲ့ အထိ စစ်ကောင်စီလျှပ်စစ်မီးလိုင်းများ ပြတ်တောက်နေတာကြောင့် မီးပျက်တဲ့အချိန်ကစပြီး မီးဖိုချောင်သုံးမီးသွေးနဲ့ ဂတ်(စ်)ဓာတ်ငွေ့ရည် ဝယ်ယူရာမှာ ဈေးတွေမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ အိမ်သုံး မီးသွေးအိတ်ကြီးတစ်အိတ်ကို အရင်မီးမပျက်ခင်က ၃၀၀၀ ပေးဝယ်ခဲ့ပြီး၊ မီးပျက်ပြီးနောက်ပိုင်းမှာတော့ ၈၀၀၀ ကနေ ၁၂၀၀၀ထိ ပေးဝယ်နေရတဲ့အပြင် အိတ်အပြည့်မရတော့ပဲ တစ်ဝက်သာရတော့တယ်လို့ ရွှေတိဂုံပုံတူဘုရားအနီး ရပ်ကွက်ဈေးနေထိုင်သူတစ်ဦးက ပြောပါတယ်။
“မီးသွေးကတော့ မီးပျက်တဲ့အချိန်ကစပြီးတော့ကို ဈေးတွေတက်တက်ကုန်တာ။ မီးသွေးက ၈၀၀၀ ဆိုရင် အပေါစားပဲရတယ်။ ပြာငုံတယ် လေထည့်ပြီးတာနဲ့သုံး မကောင်းတော့ဘူး၊ မီးသေသွားတယ်။ ၁၂၀၀၀ လောက်မှ ကောင်းကောင်းသုံးရတာ။ ပြီးရင်လည်း ဆန် ၂၄ ပြည် အိတ် အကြီးနဲ့ကို အပြည့်ကမရဘူး တစ်ဝက်လောက်ပဲရတော့တယ်လေ၊ အရင်ကအပြည့်နီးပါးရတယ်” လို့ သူက ပြောပါတယ်။
မြဝတီမြို့အတွင်း ဂတ်(စ်)အိုးဖြည့်တဲ့အခါမှာ အရင်က 4Kg ဂတ်(စ်)အိုး ၁ လုံးကို ၆၀၀၀ ကျပ် ပေးရပြီး အခုချိန်မှာ ၁၃၀၀၀ ကျပ် ပေးပြီး ဓာတ်ငွေ့ရည်ဖြည့်ရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဂတ်(စ်)ဖြည့်တဲ့အခါမှာ အရင်လို ရက်ကြာကြာအသုံးမခံတော့ဘဲ အရည်အသွေးညံ့တဲ့ ဂတ်စ်ဓာတ်ငွေ့ရည်တွေ ဖြည့်မိရင် တစ်ခါတစ်လေမှာ အကုန်မြန်တယ်လို့ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“မီးပျက်တဲ့အတွင်းမှာပဲ အစကဆိုရင် gas တစ်အိုးထည့် အပြည့်ရသေးတယ် တစ်လလောက်ကို သုံးရတယ်။ တစ်ခါတလေလဲ gas မပြည့်တာတွေ အရည်သွေးညံ့တာတွေဖြစ်လာတယ် အဲ့ချိန်ကျရင်တော့ gas တစ်အိုးကို ၁၀ ရက်လောက်ပဲသုံးရတော့တယ်။ မီးမပျက်တုန်းက gas ရည် ဖြည့်ရင် ခဏစောင့်ပြီးရင်ယူလို့ ရပြီး အခုတော့အိုးသွားအပ်ထားပြီးတော့ တစ်ရက်လောက် စောင့်ပေးရတယ်”လို့ သူကပြောပါတယ်။
လျှပ်စစ်မီးမြဝတီမြို့တွင်းမှာသာမက ကော့ကရိတ် ၊ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး ဒေသဘက်တွေမှလည်း လျှပ်စစ်မီးတစ်ဆက်ထဲ ပြတ်တောက်နေတာကြောင့် မီးသွေးနဲ့ ဂတ်(စ်)ဈေးနှုန်းမြင့်တက်နေတာတွေ အပြင် ကျေးရွာတွေဘက်အထိ ဈေးနှုန်းသုံးဆ လေးဆ မြင့်တက်ပြီး ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ