ဧပြီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်နေရာတွေမှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကစပြီး ဧပြီလ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပေါ်နေပေမဲ့ မြဝတီမြို့ထဲမှာတော့ နေ့ရောညပါ BGF တပ်တွေနဲ့ KNU/KNLA(PC) အဖွဲ့တွေကဦးဆောင်ပြီး ပျော်ပွဲရွှင်ပွဲတွေကို ပြုလုပ်ကျင်းပနေကြတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မြဝတီမြို့အနီးတစ်ဝိုက်နဲ့ မဲကနယ်ကျေးရွာတွေဘက်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ပြုလုပ်နေပေမဲ့ မြဝတီမြို့ထဲက ဒေသခံတစ်ချို့ကတော့ ဂရုမစိုက်ဘဲ ပျော်ပွဲရွှင်ပွဲတွေမှာ သွားရောက် ပျော်ပါးနေကြတယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“မြဝတီမြို့ပြင်မှာက လက်နက်ကြီးပစ်လိုက်၊ သေနပ်တွေနဲ့ပစ်လိုက်ဖြစ်နေတာ၊ မြို့ထဲမှာကတော့ အာဝါဒေးပွဲတွေက အမှန်အကန်လုပ်နေတာ၊ သွားတဲ့လူတွေက သွားနေကြတာဘဲ၊ ပစ်တဲ့လူကလည်း ပစ်တာဘဲ၊ အခုက ညမထွက်ရဆိုတာကတစ်ဖွဲ့၊ အာဝါဒေးလုပ်တဲ့လူကတစ်ဖွဲ့၊ မြင်မြင်သမျှကို ပစ်တဲ့လူကတစ်ဖွဲ့နဲ့ ဖြစ်နေကြတယ်၊ အာဏာသိမ်းတဲ့မြို့ထဲ အရင်ထဲက မြဝတီမပါခဲ့တာနေမှာ၊ တစ်နေ့လည်လုံး၊ တစ်ညလုံးလုပ်နေကြတာ” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြဝတီမြို့ အမှတ် (၄) ရပ်ကွက် တောရကျောင်းအနောက်ဘက်ခြမ်း၊ အောင်မြေရွှေဘုံရပ်ကွက် အနောက်ဘက်ခြမ်းနဲ့ အမှတ် ၅ ကျွန်းတောရပ်ကွက်ထဲတွေမှာ အာဝါဒေး လောင်းကစားဝိုင်း စုစုပေါင်း ၂၀ လောက်ရှိပြီး BGF ၉သုံးလုံးဂိတ်မှာလည်း လောင်းကစားဝိုင်းတွေအပြင် ဇာတ်ပွဲကနေကြတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း မြဝတီချောင်းဆုံမှာ ထိုင်း-မြန်မာချစ်ကြည်ရေးအမည်ခံနဲ့ လက်ဝှေ့ပွဲတွေ၊ လောင်းကစားဝိုင်းတွေကို နေ့တိုင်းကျင်းပနေကြတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
“ချောင်းဆုံက ရေပူနားမှာလေ၊ အဲ့ဒီမှာက နေ့တိုင်း လက်ဝှေ့ပွဲတွေ၊ အာဝါဒေးလောင်းကစားဝိုင်းတွေနဲ့ လူတွေအပြည့်ဘဲ၊ တိုက်ပွဲဖြစ်နေတာက သူတို့နဲ့မဆိုင်သလိုဘဲ၊ မြဝတီမြို့မှာက ခွေးနှစ်ကောင်ကိုက်လဲပွဲလုပ်တယ်၊ မြို့ကလူတွေမှာက ပျော်စရာတွေကြီးဘဲ” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး အပြင်ထွက်တဲ့လူကို ပစ်မိန့်ပေးထားပေမဲ့ မြဝတီမြို့ပြင် သောင်ရင်းမြစ်လျှောက်မှာရှိတဲ့ BGF တပ်ပိုင် ကာစီနိုလောင်းကစားဝိုင်းတွေမှာတော့ ညဘက်တွေမှာ သွားရောက်ကစားသူတွေ၊ မြို့ပေါ်ရပ်ကွက်တွေ က အာဝါဒေးကစားဝိုင်းတွေမှာလည်း ညတိုင်းလာရောက်ကစားနေသူတွေနဲ့ စည်ကားနေတယ်လို့ မြဝတီမြို့ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ