
ဧပြီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ယမန်နေ့ (ဧပြီ ၁၉ ရက်) နေ့လည် ၁ နာရီခန့်က ဘောလခဲကနေ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါညေးခူရွာကို ရိက္ခာပို့ဖို့ လာတဲ့ စစ်ကောင်စီကို KA KNDF တပ်ရင်း ၂၁ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
“စစ်တပ်က ဘောလခဲကနေပြီးတော့ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်တဲ့နေရာလေ၊ အဲ့ဒီဒေါညေးခူရွာကို ရိက္ခာပို့ဖို့လာတာပေါ့၊ အဲ့ဒီကားကို မိုင်းဆွဲတာ၊ မိုင်းနင်းမိပြီး ကားက ပက်လက်လန်သွားတယ်၊ နောက်တော့ တိုက်ပွဲဖြစ်တာ သူတို့ (စစ်ကောင်စီ) ဘက်က ရှစ်ယောက် သေတယ်၊ ပြီးတော့ ၁ ယောက်အရှင်ဖမ်းမိတယ်ပေါ့၊ လက်နက်လည်း ၆ လက်လောက် ထပ်ရတယ်” လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ခူးညေးရယ်က Karenni’s Voice ကို ပြောပြပါတယ်။
ဖမ်းမိတဲ့ စစ်သားဟာ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ (၈၀) က ဖြစ်ပြီး အဆိုပါတပ်ရင်းဟာ ဒီးမော့ဆိုအရှေ့ခြမ်းကို ဧပြီလ အရှေ့ပတ်အတွင်းကမှ ပဲခူးတိုင်း အင်းမဘက်ကနေ အင်အားဖြည့်လာတာဖြစ်ပါတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းမှာ ဧပြီ ၁၆ ရက်ကနေ ၁၈ ရက်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးကာ လက်နက်အမြောက်အမြားကိုလည်း ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ပါသေးတယ်။

– Karenni’s Voice (People’s Radio Myanmar)
Photo – KnIC