ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ၊ အတွင်းမဲကနယ်ကျေးရွာမှာ မြဝတီမြို့အခြေစိုက်စစ်ကောင်စီတပ် ခမရ−၂၇၅ ၊ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ကော်ဘရာစစ်ကြောင်းတို့ ဧပြီလ (၁၈) ရက်နေ့မှစတင်ကာ ဧပြီလ (၁၉) ရက်နေ့ ဒီကနေ့အထိ တကျော့ပြန်ကာ နှစ်ဖက်စစ်ရေးအခြေအနေ ပြင်းထန်နေတယ်လို့ မြဝတီမြို့ဒေသခံတဦးထံမှ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဘက်မှ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားရတာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က အခုလိုပြောပါတယ်။
“စကစ ဘက်က ထိုးစစ်ဆင်လာလိုက် ၊ ခနရပ်သွားလိုက် ၊ လက်နက်ကြီးပစ်ကူလိုက်နဲ့ သူတို့ဘက်က ရှေ့ဆက် တက်လာလိုမရရင် လေယာဥ်နဲ့ ဗုံးလာကြဲလိုက်လုပ်နေတာ။ သူတို့ဘက်က နယ်မြေပြန်စိုးမိုးချင်နေတာ။ ဒီဘက် ကလည်း နောက်မဆုတ်တဲ့အတွက်ကြောင့် နှစ်ဖက်စစ်ရေးတင်းမာ နေရတာ” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က အတွင်းမဲကနယ်ဘက်ကို လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှု တွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညထဲက စကစဘက်ကနေ လက်နက်ကြီးနဲ့ ထုနေတာတောက်လျှောက်ပဲ ဒီကနေ့မနက်ထိလဲ ထုနေတုန်းပဲ အလုံးရေမရေတွက်နိုင်လောက်အောင်ကိုထုနေတာ အခုချိန်လောက်ဆိုရင်တော့ အလုံးရေ ရာချီရှိလောက်ပီ ။ လေယာဥ်နဲ့လဲ လာပစ်တယ် ။ လာပစ်တာမှ ပယ်ပယ်နယ်နယ်ကို ပစ်တာ ရပ်ပီးတော့ ပစ်ချတာကိုမှ မိုးရွာပြီး မိုးကြိုးပစ်နေသလိုကို ပစ်နေတာ။ လူတွေထိလားမထိလားတော့မသိပေမယ့် အခုလိုပစ်ပုံမျိုးနဲ့ဆိုရင်တော့ အိမ်တွေတော့ပျက်စီးကုန်လောက်ပီ” လို့ သူကဆက်ပြောပါတယ်။
လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် မြေပြင်ထိခိုက်ကျဆုံးမှု အခြေအနေတွေနဲ့ပက်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ၊ ၁၂ ရက်နေ့တွေမှာ မြဝတီမြို့အနီးရှိ အတွင်းမဲကနယ်ကျေးရွာကို စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ် စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးနဲ့ လေယာဥ်ပစ်ခတ်မှုတွေကြောင့် ဘုရားကျောင်းအပါအဝင် အရပ်သားနေအိမ် အလုံး (၃၀) ခန့် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် မြဝတီမြို့ အပါအဝင် အနီးအနားကကျေးရွာ ၅ ရွာခန့်က ဒေသခံ ၁၀၀၀ ဝန်းကျင် လောက်ဟာ တိုက်ပွဲလွတ် ရာနေရာတွေမှာ စစ်ဘေးတိမ်းရှောင်နေရတာ ၁ လ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – ပုံဟောင်း